ထောင်ဒဏ် ၃၅ နှစ် ကျနေသည့် နိုင်ငံကျော် ဟာသပညာရှင် ဇာဂနာအကြောင်း ဇာတ်အိမ်ဖွဲ့ထားသည့် The prison where I live ‘ကျနော် နေသော အကျဉ်းထောင်’ အမည်ရ မှတ်တမ်း ရုပ်ရှင်ကား ...
နယူးဒေလီ (မဇ္စျိမ) ။ ။ ထောင်ဒဏ် ၃၅ နှစ် ကျနေသည့် နိုင်ငံကျော် ဟာသပညာရှင် ဇာဂနာအကြောင်း ဇာတ်အိမ်ဖွဲ့ထားသည့် The prison where I live ‘ကျနော် နေသော အကျဉ်းထောင်’ အမည်ရ မှတ်တမ်း ရုပ်ရှင်ကားကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ နိုင်ငံခြား သတင်းထောက်များအသင်းတွင် ယမန်နေ့က ပြသခဲ့သည်။
ဗြိတိန်နိုင်ငံသား ဒါရိုက်တာ Rex Bloomstein က ၂ဝဝ၇ ခုနှစ်ထဲတွင် ကိုဇာဂနာနှင့် တွေ့ဆုံမေးမြန်းကာ မှတ်တမ်းတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်၍ ရုပ်ရှင်အဖြစ် တင်ဆက်ပြသခြင်း ဖြစ်သည်။
“ကမ္ဘာမှာ မြန်မာနဲ့ပတ်သက်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စဟာ အရေးကြီးဆုံး ခေါင်းစဉ်တခုပါ။ ကျနော်တို့ အခုမြင်နေရတာက ရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ၂၂ဝဝ ကျော် မလွတ်သေးပါဘူး။ ဒီထဲမှာ ဇာဂနာက သူရဲ့ အံ့ဖွယ်စိတ်ဓာတ်ကြောင့် တကမ္ဘာလုံး သိကြတဲ့ အနုပညာရှင်ဖြစ်တယ်။ သူ့ကို ဥပမာထားပြီး မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ပြောပြတာ ဖြစ်တယ်” ဟု ဇာတ်ကားထုတ်လုပ်သူ Justin Temple က မဇ္စျိမကို ပြောပြသည်။
ဇာဂနာနှင့်အတူ ၂ ရက်တာ အတူသွားလာရင်း ထောင်တွင်း နှိပ်စက်မှု၊ အနုပညာလုပ်ကိုင်ခွင့် ပိတ်ပင်ခံရမှုနှင့် အာဏာပိုင်များ စောင့်ကြည့်မှုတို့ကို မေးမြန်းရိုက်ကူးခဲ့သည်။ ဇာတ်လမ်း ကြာမြင့်ချိန်မှာ မိနစ် ၉ဝ ဖြစ်သည်။
ထုတ်လုပ်မှုကို ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီတွင် စတင်ခဲ့ပြီး ဇွန်လထဲတွင် ဂျာမဏီနိုင်ငံ မြူးနစ် ရုပ်ရှင်ပွဲတော်၌ ပြသနိုင်ခဲ့ရာ မြန်မာနိုင်ငံရေး အကျဉ်းသားများအကြောင်း နိုင်ငံတကာ ပရိသတ် ပိုမိုနားလည်စေခဲ့ကြောင်း Justin Temple က ပြောသည်။
ပြည်ပမီဒီယာများနှင့် ဆက်သွယ်မှုကြောင့် အနုပညာလှုပ်ရှားခွင့် ပိတ်ပင်ထားချိန်တွင် သူ့ကို ဇာဂနာက အင်တာဗျူးပေးခဲ့သည်ဟု The Prison Where I Live ရုပ်ရှင် အင်တာနက်စာမျက်နှာ၌ ဒါရိုက်တာ Rex Bloomstein က ရေးသားထားသည်။ ထိုအင်တာဗျူးများကို အသုံးမပြုဖြစ်ဘဲ သိမ်းဆည်းခဲ့ရာမှ ဇာဂနာ အဖမ်းခံရကြောင်း ကြားသိအပြီး ဤဇာတ်ကား ရိုက်ကူးထုတ်လုပ်ရန် အစပြုခဲ့ခြင်း ဖြစ်သည်။
ရုပ်ရှင်ထဲတွင် ဇာဂနာ ခေါ် ကိုသူရ၏ ရန်ကုန် နေအိမ်နှင့် သူအကျဉ်းကျရာ ကချင်ပြည်နယ် မြစ်ကြီးနားထောင် အပြင်ဘက် မြင်ကွင်းများ ရရှိရန် ရိုက်ကူးရေးအဖွဲ့သည် စွန့်စားသွားလာ ရိုက်ကူးခဲ့ကြသည်။
ဇာဂနာက ဒါရိုက်တာ Rex ကို လက်တမ်းပြောပြသည့် နိုင်ငံရေးပြက်လုံးများကို ယမန်နေ့ ပွဲတွင် အိန္ဒိယ ပရိသတ်များ ပွဲကျခဲ့သည်။
နိုင်ငံရေးပြက်လုံး ပြက်ရခြင်းအကြောင်းကို ဇာဂနာက “ပြည်သူတွေရဲ့ ရင်ထဲ အနက်ရှိုင်းဆုံးမှာ သူတို့မပြောရဲတဲ့ စကားတွေ အများကြီးရှိတယ်။ ဒါကြောင့် ကျနော်က သူတို့ရဲ့ အသံချဲ့စက်ပါ” ဟု မှတ်တမ်းရုပ်ရှင်တွင် ပါရှိသည်။ ထို့အပြင် ''ပြည်သူ ရယ်ရင်၊ ကျနော်တို့ ရယ်တယ်။ ပြည်သူ ငိုရင်၊ ကျနော်တို့ ငိုတယ်။ ပြည်သူ မုန်းရင်၊ ကျနော်တို့ မုန်းတယ်။ ဒါကြောင့် ပြည်သူ့ရှေ့ကနေ ရပ်တည်ရမယ်။ ပြည်သူ့အတွက် ပေးဆပ်ရမယ်'' ဟုလည်း ဆိုထားသည်။
အိန္ဒိယပရိသတ်တဦးက “အိန္ဒိယဆိုရင် ဂျာနယ်ပဲဖြစ်ဖြစ်၊ အနုပညာပဲဖြစ်ဖြစ် လွတ်လပ်စွာ ပြောဆိုခွင့် ရှိတယ်။ အစိုးရလည်း တားလို့မရဘူး။ လူရွှင်တော်တယောက်ရဲ့ အနုပညာကို စစ်အာဏာရှင်က ကြောက်ပြီး ၁ နှစ်၊ ၂ နှစ်လည်း မဟုတ်ဘဲ ၃၅ နှစ်အထိ ထောင်ချတာ တကယ်ကို ရက်စက်လွန်းအားကြီးတယ်” ဟု ပြောသည်။ နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်ရန် ဝိုင်းဝန်းလုပ်ကိုင်သင့်သည်ဟု ဆိုသည်။
ဇာဂနာ့ဇာတ်ကြောင်း ပြောသူ Michael Mittermeier သည် ဂျာမဏီ၊ သြစတြီးယားနှင့် ဆွစ်ဇာလန်တွင် လူကြိုက်အများဆုံး ဟာသပညာရှင်တဦးဖြစ်ပြီး၊ ဂျာမဏီ၏ အကောင်းဆုံး စင်တင်ဟာသပညာရှင်ဆုကို ၄ ကြိမ် ဆွတ်ခူးထားသည်။ ယခင်ကလည်း ကမ္ဘာ့လှည့် ခရီးသွားအဖြစ် မြန်မာပြည်သို့ သွားရောက်ခဲ့ကာ၊ ချို့တဲ့သည့် ကလေးများကို ထောက်ပံ့နေသည့် မြန်မာဖောင်ဒေးရှင်းအဖွဲ့ကို ကူညီခဲ့ဖူးသည်။
“ရုပ်ကိုသာ ဖိနှိပ်လို့ရမယ်။ ကျနော်တို့ရဲ့ စိတ်၊ ဝိဉာဉ်၊ နှလုံးသားကို ဖိနှိပ်လို့ မရဘူး။ သူတို့ကြောက်တာ အဲဒါပဲ” ဟု အကျဉ်းစံ ဇာဂနာအတွက် ဂျာမန်လူရွှင်တော်၏ စကားဖြင့် ရုပ်ရှင်ကို အဆုံးသတ်သည်။
ပြီးခဲ့သည့်လ ၂၇ ရက်နေ့မှ ၃ဝ ရက်နေ့အထိ အိန္ဒိယတွင် Jaipur မြို့တွင် ကျင်းပခဲ့သော International Film festival တွင် The prison where I live ကို ပြသခဲ့သေးသည်။ ဆက်လက်၍လည်း အရှေ့တောင်အာရှရှိ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယားတွင်ပါ ပြသသွားဦးမည် ဖြစ်သည်။
၂ဝဝ၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရင်း ဇွန်လတွင် ကိုဇာဂနာ အဖမ်းခံရကာ၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ ၃ ခုဖြင့် ထောင် ၄၅ နှစ်၊ အနောက်ပိုင်းခရိုင် တရားရုံးက နိုင်ငံတော် လုံခြံုရေး ထိခိုက်ရန် လှုံံ့ဆော်မှုနှင့် ဗီဒီယို အက်ဥပဒေ အပါအဝင် ပုဒ်မ ၅ ခုအရ ထောင်ဒဏ် ၁၄ နှစ်ဖြင့် စုစုပေါင်း ၅၉ နှစ် ကျခံရန် အမိန့်ချခဲ့သည်။
၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၄၅ နှစ် ချခဲ့သည်ကို တမှုလျှင် ၈ နှစ်စီဖြင့် စုစုပေါင်း ၂၄ နှစ် လျှော့ချပေးခဲ့ရာ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရခြင်း ဖြစ်သည်။