မြောက်ဦး ရှင်ကျော်ဘုရားပွဲ ကူးတို့လှေ နစ်၍ သားမိ နှစ်ဦးသေဆုံး

မြောက်ဦး ရှင်ကျော်ဘုရားပွဲ ကူးတို့လှေ နစ်၍ သားမိ နှစ်ဦးသေဆုံး
by -
နိရဥ္ဇရာ သတင်းဌာန

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညို ကျေးရွာ၌ ကျင်းပနေသော ရှင်ကျော်ဘုရားပွဲတော်တွင် ကူးတို့လှေ တစီး နစ်မြုပ်သွားသဖြင့် အမျိုးသမီး သားအမိနှစ်ဦး ယမန်နေ့က ရေနစ် သေဆုံးသွားခဲ့ ...

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညို ကျေးရွာ၌ ကျင်းပနေသော ရှင်ကျော်ဘုရားပွဲတော်တွင် ကူးတို့လှေ တစီး နစ်မြုပ်သွားသဖြင့် အမျိုးသမီး သားအမိနှစ်ဦး ယမန်နေ့က ရေနစ် သေဆုံးသွားခဲ့သည်။

တိမ်ညိုကျေးရွာသား တစ်ဦးက “ဟုတ်ကဲ့။ သေဆုံးသွားတာက မြောက်ဦး အလယ်စျေးခွဆုံက ဒေါ်စောစောတို့ သားအမိ ဖြစ်ပါတယ်။ အမေက အသက် ၄၀ ကျော်ရှိပြီး သမီးဖြစ်တဲ့ ခင်အေးဇော်က အသက် ၂၁ နှစ်ဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်ထိ အလောင်းရှာဖွေ မတွေ့သေးပါဘူး။ မနေ့က ညနေ ၁၀ နာရီမှာ ကူးတို့လှေ နစ်ပြီး သေသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရှင်ကျော် ဘုရားပွဲတော်တွင် မနေ့ညနေ့က ရန်ကုန်မြို့မှ ရုပ်ရှင် ဗွီဒီယို သရုပ်ဆောင်များနှင့် ရခိုင်အဆိုကျော်များ လာရောက်ဖြေဖျော်ကြသဖြင့် ဒေသခံ ပြည်သူ လူထု သိန်းချီ၍ လာရောက်ခဲ့ကြသည်။

“ လူတွေက သိန်းချီပြီး လာကြတော့ ကူးတို့လှေက မလုံလောက်တဲ့ အတွက် သူထက်ငါ အလုအယက် လှေပေါ် တက်ရာကနေ လှေနစ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ အများအပြား ကိုတော့ ကယ်တင်ခဲ့ရပါတယ်။ တယောက်က ပြင်းထန်တဲ့ အတွက် ချက်ချင်း ဆေးရုံ တင်လိုက်ရပါတယ်” ဟု သူက ဆက်ပြောသည်။

ပွဲတော်အတွက် ကူးတို့လှေ ကန်ထရိုက်ကို ကျပ် ၂သိန်းဖြင့် အာဏာပိုင်များက ရောင်းချထားပြီး အလုံအလောက် ကူးတို့လှေများကို မစီစဉ်ထားရာမှ ယခုကဲ့သို့ လှေနစ်သွားခြင်း ဖြစ်ကြောင်း ရဟန်းတော် တစ်ပါးက ပြောသည်။

“လှေက တကြိမ်နစ်တာ မဟုတ်ပါဘူး။ ပထမတကြိမ် လူ ၄၀ ပါတဲ့ ကူးတို့လှေ တစီးနစ်တယ်။ ဘယ်သူမှ မသေဘူး။ ဒါကို သတိမထားတော့ နောက်တကြိမ်နစ်တဲ့ အခါ သားမိနှစ်ယောက် ဆုံးသွားတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေဘက်က လုံခြံုရေးက အစ၊ စီစဉ်ထားတာက အရမ်းညံ့တော့ ခုလို ကူးတို့လှေနစ်ပီး လူသေရတဲ့ အထိ ဖြစ်သွားရတာ ဖြစ်ပါတယ်။”

ယခုနှစ်ရှင်ကျော် ဘုရားပွဲတော်ကို အလိုတော်ပြည့် ဆရာတော်ကြီးမှ ကြီးမှူးကျင်းပပြီး ရန်ကုန်မြို့မှ နာမည်ကြီး ရခိုင်နှင့် ဗမာ သရုပ်ဆောင်များနှင့် အဆိုတော်များ လာရောက် ဖြေဖျော်ကြသဖြင့် ပွဲတော်မှာ အထူး စည်ကားကြောင်း သိရသည်။

ရန်ကုန်မြို့မှ လာရောက်ဖြေဖျော်ကြသော အဆိုတော်နှင့် သရုပ်ဆောင်များမှာ နေထက်လင်း၊ ဘုန်းလျှံ၊ ပွင့်နဒီမောင် စသူများ ဖြစ်ပြီး ရခိုင်အဆိုတော်များထဲမှ ဦးမောင်သိန်း၊ ဒိုးရ်ရီ၊ ညှာစိမ်းခိုင် စသူများ ပါ၀င်သည်ဟု သိရသည်။ ၎င်းပြင် ရတနာ သန်းအောင် ဇာတ်အဖွဲ့မှ သုံးညတိုင်တိုင် ဖြေဖျော် ကပြတင် ဆက်သည်ဟု သိရသည်။

ရှင်ကျော် ဘုရားမှာ မဟာမုနိ ရုပ်ပွားတော်နှင့် အတူ သွန်းလုပ်ခဲ့သော မုနိ ငါးဆူထဲမှ တစ်ဆူဖြစ်ပြီး ရခိုင်ပြည်တွင် ထင်ရှားကျော်ကြားသော ဘုရား ရုပ်ပွားတော် တစ်ဆူ ဖြစ်သည်။ ရှင်ကျော်ဘုရား ပွဲတော်ကို နှစ်စဉ် ပြာသိုလတွင် ကျင်းပလေ့ရှိပြီး အထူးစည်ကားသော ဘုရား ပွဲတော် တစ်ခု ဖြစ်ကြောင်း သိရသည်။

ယနေ့မှာ ပွဲတော်၏ နောက်ဆုံးရက် ဖြစ်သဖြင့် လှေနစ်၍ လူသေမူများ ရှိသော်လည်း ပွဲတော်မှာ အထူးစည်ကားနေသည်ဟု ဒေသခံများက ပြောသည်။

Most read this week