မြဝတီမြို့နယ်၊ မဲ့ကနဲကျေးရွာအနီးရှိ ကရင်နယ်ခြားစောင့်တပ်ဂိတ်မှ အသက်ကြီး ရွာသားတစ်ဦးကို ယမန်နေ့က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် မြဝတီဆေးရုံသို့ အချိန်မီ ပို့ဆောင်ခဲ့ ...
မြဝတီမြို့နယ်၊ မဲ့ကနဲကျေးရွာအနီးရှိ ကရင်နယ်ခြားစောင့်တပ်ဂိတ်မှ အသက်ကြီး ရွာသားတစ်ဦးကို ယမန်နေ့က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် မြဝတီဆေးရုံသို့ အချိန်မီ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်ကာ ကိုယ်တွင်းမှ ကျည်ဆံကို ခွဲထုတ်ရမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
သေနတ်ဖြင့် အပစ်ခံရသူမှာ အသက် ၅၇ နှစ်ရှိ ဦးစောအကျော်ဖြစ်ပြီး နယ်ခြားစောင့်တပ်ဂိတ်ကို ဖြတ်ပြန်အလာတွင် နောက် ဘက်မှ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။
“ဖြစ်တဲ့နေရာက မဲ့ကနဲရွာနဲ့ မနီးမဝေးက ဒဲအူးထာ့မှာလေ။ အဲဒီမှာက BGF တပ်စခန်းရှိတယ်။ သူတို့ဂိတ်ကို ဖြတ်ပြန်လာ တော့ အဲဒီလူကို ဆေးလိပ်တောင်းသောက်တယ်။ ငွေလည်းတောင်းတာပေါ့။ အဘိုးကြီးက မရှိဘူးလို့ ပြောပြီး ပြန်လာတာကို နောက်ကျောကနေ သေနတ်နဲ့ လှမ်းပစ်ထဲ့လိုက်တယ်။ အဘိုးကြီးလည်း ထိပြီး ပြန်ပြေးလာတာပဲ။ လမ်းမှာ ရွာသားတွေနဲ့ ဆုံ လို့ လော့ထယ်(ထော်လာဂျီ)နဲ့ ဆေးရုံပို့လိုက်ရတယ်။”ဟု ဆိုသည်။
ယင်းသို့ ပစ်ခတ်ခဲ့သည်မှာ ဗိုလ်မှူးစောမုတ်သုန် ဦးဆောင်သည့် နယ်ခြားစောင့်တပ်(၁၀၂၂)မှ ဗိုလ်သိန်းတန်၏ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။
အမည်မဖော်လိုသူ ရွာသားတစ်ဦးက “BGF တပ်တွေကလည်း သူတို့လည်း ကရင်တွေဖြစ်ပြီး ဘာအကြောင်းမှ မဟုတ်ဘဲ ကိုယ့်ရွာသားတွေကို ဒီလိုမျိုးလုပ်တာ စိတ်မကောင်းဘူး။”ဟု ပြောဆိုသည်။
ပစ်ခတ်ခံရသည့် အဆိုပါရွာသားမှာ နောက်ကျောမှ ပေါက်မထွက်ဘဲ ကိုယ်တွင်းကျည်ဆံကျန်နေပြီး လက်ရှိအချိန်တွင် ၎င်း ကျည်ဆံကို ခွဲထုတ်ယူရမည့် အခြေအနေဖြစ်နေကြောင်း အခြားနီးစပ်သူတစ်ဦးက ပြောသည်။