ကြံ့ခိုင်ရေးပါတီအမတ် သျှမ်းအမျိုးသား ဒေါက်တာစိုင်းမောက်ခမ်းအား ဒု-သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံရကြောင်း ကြားသိရသည်နှင့် သျှမ်းလူထုကြား ဗီအိုင်ဘီများ ဝမ်းမြောက်ဝမ်းသာ ...
ကြံ့ခိုင်ရေးပါတီအမတ် သျှမ်းအမျိုးသား ဒေါက်တာစိုင်းမောက်ခမ်းအား ဒု-သမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံရ ကြောင်း ကြားသိရသည်နှင့် သျှမ်းလူထုကြား ဗီအိုင်ဘီများ ဝမ်းမြောက်ဝမ်းသာဂုဏ်ပြုစကားဖုန်းဆက်ပြော ကြားလာကြကြောင်း၊ နိုင်ငံရေး သမားအသိုင်းအဝိုင်များကမူ ၄င်းအား “ဝက်ဆီဖြင့် ဝက်သားပြန်ကြော်” သည့်နည်း အသုံးပြုမည်ကိုစိုးရိမ်နေကြကြောင်း သျှမ်းပြည် မြောက်ပိုင်းသတင်းရပ်ကွက် ဆိုပါသည်။
“ကျမကိုယ်တိုင် သတင်းကြားကြားမိချင်း တုန်လှုပ်သွားတယ်။ ဖြစ်နိုင်ပါ့မလား လို့လဲတွေးမိတယ်။ နောက်ပိုင်း ဆရာတော် စဝ်ဆုခမ်း အပါအဝင် ဗီအိုင်ဘီ ပုဂ္ဂိုလ်တွေ၊ သူ့မိတ်ဆွေတွေဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောလာကြတယ်။ ဘာဘဲဖြစ်ဖြစ် သတင်း ထွက်နေတဲ့အတိုင်း တကယ်ဖြစ်လာခဲ့ရင်တော့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးမှားပိုဆောင်ရွက် နိုင်လိမ့်မယ်လို့ ကျမမျှော်လင့် ထားပါတယ်”- ဟု ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုံက သျှမ်းသံတော်ဆင့်အားပြောသည်။
နေပြည်တော် လွှတ်တော်အစည်းအဝေး ဒုတိယမြောက်နေ့၌ ဒု-သမ္မတလောင်း ၅ ဦးအမည်စာရင်းတင်သွင်းရာ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာစိုင်းမောက်ခမ်းပါဝင်မှုအပေါ် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါဝ်းကလည်း ဝမ်းမြောက် ကြောင်း ဖုန်းဆက်စကားပြေားခဲ့သေးသည်ဟု သိရသည်။
သို့သော်နိုင်ငံရေးစိတ်ဝင်စားသူ လားရှိုးမြို့ခံတချို့နှင့် ၄င်း၏ဆွေမျိုးတချို့ကမူ နအဖအာဏာပိုင်များခင်းထားသော ဇာတ်ကွက် ထဲကျသွားမည်စိုးရိမ်နေကြပြီး “ ဝက်ဆီဖြင့် ဝက်သားပြန်ကြော်ခိုင်းမည်” ကို ပူပန်နေကြသည်ဟု သျှမ်းအဆိုတော်တဦးကလဲပြော ပြသည်။
“သျှမ်းပြည်အမျိုးသား တယောက်အနေနဲ့ အဲလိုနေရာရခဲ့ရင်တော့ ဝမ်းသာတာပေါ့ဗျာ။ ခက်တာတခုက လက်လုပ်မှ ပါးစပ်လှုပ် ရတဲ့လူတွေများတော့ သတင်းပလင်း နားထောင်သူတွေ နိုင်ငံရေး စိတ်ဝင်စားသူတွေ နဲတာပေါ့။ ဆိုတော့သူ့ အသိုင်းအဝိုင်းနဲ့ သတင်းနားထောင်သူ တချို့ကဘဲ ဝေဖန်ပြောဆိုကြတာပေါ့။ နအဖက သူဖြစ်ချင်တာ အကုန်လုံးရေး ဆွဲထားပြီးပြီ။ သူ့ဇာတ် ကွက် ထဲကျသွားပြီးရင် အများမျှော်လင့်ထားတာကို ဘာမှမလုပ်ပေးနိုင်မှာဘဲ စိုးရိမ်နေကြတယ်။ သူ့မှာ ပြောအားဆိုအားရှှိရင်တော့ ကောင်းတာပေါ့” ဟု ပြောသည်။
နအဖက အခွင့်အရေးပေးလေ ပိုသတိထားရလေဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။ထိုင်းနယ်စပ်အခြေစိုက် သျှမ်းခေါင်း ဆောင်တဦးက ဒေါက်တာစိုင်းမောက်ခမ်း ဒုတိယသမ္မတ ဖြစ်ခဲ့ပါက - နိုင်ငံရေး စစ်ရေးကိစ္စများ၌ အထူးယုံကြည်အားကိုးနိုင်ဖွယ် မရှိသော်လည်း ကျန်းမာရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင်မူ အခွင့်အရေး ရှိနိုင် ကြောင်း သုံးသပ်ပါသည်။
ဖေဖေါ်ဝါရီ ၁ ရက် နေပြည်တော်လွှတ်တော် အစည်းအဝေး ဒုတိယနေ့၌ သမ္မတရွေးချယ်ရန် ဒုသမ္မတလောင်း အမည်စာရင်းတင် သွင်းရာ အမျိုးသားလွှတ်တော်မှ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဒေါက်တာ စိုင်းမောက်ခမ််း၊ ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုး တက် ရေးပါတီက ဒေါက်တာအေးမောင်တို့ဖြစ်ကြသည်။ ပြည်သူ့လွှတ်တော်မှ ကြံ့ခိုင်ရေး ပါတီ အမတ် ဗိုလ်ချုပ်ကြီး ဟောင်း လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် နှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့လွှတ်တော်ကိုယ်စား လှယ် ဦးစောသိန်းအောင်တို့ဖြစ်ပြီး တပ်မတော် သား (နအဖ) ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး တစ်ဦးတည်းကိုသာ အမည်တင်သွင်း ကြောင်း သတင်းများ၌ ဖေါ်ပြကြသည်။
နေပြည်တော်သို့မဆင်းမီ ဂျန္နဝါရီလ ၂၂ ရက်ကလည်း လားရှိုးမြို့သျှမ်းစာပေယဉ်ကျေးမှုအသင်းအား ဥက္ကဌ စိုင်းမောက်ခမ်းက လားရှိုးကြီးရှိ ခိုလောင်း အသင်းရုံး၌ အစည်းအဝေးခေါ်ကာ “ ၎င်းတာဝန်ယူနေသော ဥက္ကဌရာထူးကို အရည်အချင်းရှိသူ တယောက်အား တာဝန်လွဲအပ်ပေးလိုကြောင်း၊ ထို့ကြောင့် နေပြည်တော်သို့၎င်းကသွားရောက် အလုပ်လုပ်နေစဉ်အတွင်း အသင်းဝင်များ အနေဖြင့်တွေ့ဆုံဆွေးနွေးကာသျှမ်းစာပေယဉ်ကျေးမှုဥက္ကဌအသစ်အားရွေး ချယ်တင်မြောက်စေလိုကြောင်း ” အစည်းအဝေး ၌ပြောကြားခဲ့သည်ဟု အသင်းဝင်တဦးကပြန်လည်ပြောပြသည်။
အသက် ၆၁ နှစ်အရွယ် ဒု-သမ္မတလောင်း (စီးပွါးရေးသမား) ဒေါက်တာစိုင်းမောက်ခမ်းသည် လားရှိုးမြို့ ယူလီခါ့ ဆေးခန်းပိုင် ရှင်ဖြစ်ပြီး ဇနီးဖြစ်သူ (ယခင်က သူနာပြုဆရာမ) နန်းရွှေမှုံမှာ ရှမ်းတရုတ်ကပြားဖြစ်သည်။ အသက် ၃ဝ ဝန်းကျင် သမီးနှစ် ယောက်ရှိပြီး အင်္ဂလန်နိုင်ငံသို့ သွားရောက်ပညာဆည်းပူးနေဆဲဖြစ်သည်။