ရခိုင်ပြည်နယ် လွတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ ကြံ့ခိုင်ရေးက အနိုင်ရရှိ

ရခိုင်ပြည်နယ် လွတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ ကြံ့ခိုင်ရေးက အနိုင်ရရှိ
by -
နိရဥ္ဇရာ သတင်းဌာန

ယနေ့ ရခိုင်ပြည်နယ် လွတ်တော်ကို စတင် ကျင်းပခဲ့ပြီး လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ နေရာများကို လျို့ဝှက် မဲစနစ်ဖြင့် ရွှေးချယ် တင်မြောက်ရာတွင် နေရာ ၂ ခုစလုံးကို ကြံ့ခိုင်ရေး ပါတီက အနိုင်ရရှိသွား ...

ယနေ့ ရခိုင်ပြည်နယ် လွတ်တော်ကို စတင် ကျင်းပခဲ့ပြီး လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ နေရာများကို လျို့ဝှက် မဲစနစ်ဖြင့် ရွှေးချယ် တင်မြောက်ရာတွင် နေရာ ၂ ခုစလုံးကို ကြံ့ခိုင်ရေး ပါတီက အနိုင်ရရှိသွားခဲ့ကြောင်း သတင်း ရရှိသည်။

Rkhine-state-Hall"ဥက္ကဌနေရာကိုတော့ ကြံ့ခိုင်ရေးမှ ဂွမြို့နယ် အမှတ် (၁) အမတ် ဦးထိန်လင်းက အနိုင် ရရှိသွားပြီးတော့ ဒုဥက္ကဌ နေရာကိုတော့ မာန်အောင်မြို့နယ် အမှတ် (၂) အမတ် ဦးသာညွန့် က အနိုင်ရရှိသွားပါတယ်။ သူတို့ ၂၉ မဲနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်" ဟု ရတပ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။

ယနေ့ကျင်းပသော ရခိုင်ပြည်နယ် လွတ်တော်သို့ အမတ် ၄၇ ဦးစလုံး စုံစုံညီ တက်ရောက်ခဲ့ကြပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အမတ် ၁၈ နေရာမှ အပ တခြားပါတီများမှ ကျန်အမတ်များက ကြ့ံခိုင်ရေးပါတီကို မဲပေးခဲ့ကြသည်ဟု သိရသည်။

" အဓိက အဆုံး အဖြတ်ပေးသွားတာက စစ်တပ်က လွတ်တော် အမတ်တွေရဲ့ မဲတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီက အမတ် ၁၈ ဦးတောင် လွှတ်တော်ထဲမှာ ရှိပေမယ့် စစ်တပ်က အမတ် ၁၂ ဦးက ကြံ့ခိုင်ရေး ပါတီကို ထောက်ခံထားတယ်ဆိုတော့ သူတို့ဘဲ အနိုင်ရသွားတာ ဖြစ်ပါတယ်" ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။

ယနေ့ပြုလုပ်သော လွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌနေရာ ရွှေးချယ်ပွဲတွင် ကြံ့ခိုင်ရေး အမတ် ၁၃ ဦးနှင့် စစ်တပ် အမတ် ၁၂ ဦးသာမက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ အမတ် ၂ ဦးနှင့် တစည တဦး၊ ချင်းလူနည်းစု အမတ် တဦးကလည်း ကြ့ံခိုင်ရေး ပါတီကို မဲပေးခဲ့ကြသည်ဟု သိရသည်။

" ဒီကနေ့ နံနက်ပိုင်းမှာ ကြံ့ခိုင်ရေး ပါတီက အမ်းမြို့နယ် အမှတ် (၁) အမတ် ဦးလှမောင်တင်ကို သဘာပတိ တင်မြောက်ပါတယ်။ အဲဒီလို တင်မြှောက်ပီးတော့ လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ နေရာတွေကို စာရင်းတင်သွင်းပါတယ်။ ကျွန်တော်တို့ ပါတီက ရသေ့တောင် အမှတ် (၂) အမတ် ဦးဖိုးမင်းနဲ့ စစ်တွေအမှတ် (၁) အမတ် ဦးသာလူချေတို့ကို စာရင်း တင်သွင်းပါတယ်။ ရွှေးချယ်တာကတော့ လျို့ဝှက် မဲပေးစနစ်နဲ့ ရွှေးချယ်တာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အား နေပြည်တော်တွင် သမ္မတ အဖြစ်ခန့်အပ်သူမှ ခန့်အပ်မည်ဖြစ်ကြောင်း သိရပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အား ခန့်အပ်ပြီးမှ ရခိုင်ပြည်နယ် လွတ်တော်ကို ပြန်စမည် ဖြစ်ကြောင်း သိရသည်။ ကြံ့ခိုင်ရေးပါတီ အမ်းမြို့နယ် အမှတ် (၁) အမတ် ဦးလှမောင်တင်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေကြောင်း သိရသည်။

Most read this week