စကားနိုင်မလုရတဲ့ လွှတ်တော်

စကားနိုင်မလုရတဲ့ လွှတ်တော်
by -
မျိုးသန့်

လွှတ်တော် အစည်းအဝေးများအတွင်း သူနိုင်ကိုယ်နိုင်  စကားရည်လုပြောခြင်းမျိုး မဖြစ်အောင် ထိန်းသိမ်းရမည်ဟု အမျိုးသားလွှတ်တော်  ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမတ်များကို သတိပေး ပြောကြား ...

ချင်းမိုင် (မဇ္ဈိမ) ။        ။ လွှတ်တော် အစည်းအဝေးများအတွင်း သူနိုင်ကိုယ်နိုင်  စကားရည်လုပြောခြင်းမျိုး မဖြစ်အောင် ထိန်းသိမ်းရမည်ဟု အမျိုးသားလွှတ်တော်  ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမတ်များကို သတိပေး ပြောကြားလိုက်သည်။

နေပြည်တော် အမျိုးသားလွှတ်တော် အဆောက်အအုံတွင် တနင်္လာနေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးအတွင်း ဥက္ကဋ္ဌ ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်က လွှတ်တော်ကိုယ်စားလှယ်များကို နှုတ်ခွန်းဆက်စကား ပြောကြားရင်း သတိပေးသွားသည်။

“လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အစည်းအဝေးများတွင် သူဖြူရင် ငါမည်းမှာပဲဆိုသည့် စိတ်မျိုးမထားရန်၊ စကားနိုင်လုပြောခြင်းမပြုရန်လိုကြောင်းနှင့် လွှတ်တော် အစည်းအဝေးများသည် စကားရည်လုပွဲမျိုး မဖြစ်စေရန် လိုအပ်ကြောင်း” ဦးခင်အောင်မြင့်ကို ကိုးကား၍ အင်္ဂါနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာက ဖော်ပြသည်။

စစ်ခေါင်းဆောင်များ ဂုဏ်ယူဝံ့ကြွားနေသော နေပြည်တော်က လွွှှတ်တော် အဆောက်အဦးသစ်များအနက် ပြည်သူ့လွှတ်တော်တွင် ထိုင်ခုံနေရာ ၄၄ဝ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၂၂၄ နေရာပါရှိသည်။ ထိုအထဲတွင် စစ်တပ်ယူနီဖောင်းဝတ် စစ်ဘက်ကိုယ်စားလှယ်များ သုံးပုံတပုံဖြစ်သည်။

“နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟာ  ဥပဒေတွေ  ပြဋ္ဌာန်းပေးရုံသာမက  အမြော်အမြင်
ကြီးမားပြီး စေတနာထက်သန်စွာနဲ့ ကြီးကျယ်ခမ်းနားလှတဲ့ လွှတ်တော် အဆောက်အအုံနဲ့   အသုံးအဆောင်များ၊ ကိုယ်စားလှယ်တော်များအတွက် အစစ အဆင်ပြေအောင် စီစဉ်ပေးမှုများကို ဆောင်ရွက်ထားကြောင်း တွေ့ကြရပါတယ်။ ဒါကြောင့် ဤပြည်ထောင်စု လွှတ်တော်ကြီးက နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို အထူးကျေးဇူး ဥပကာရတင်ရှိပါကြောင်း လေးစားစွာ ပြောကြားလိုပါတယ်။” ဟု ဦးခင်အောင်မြင့်က ပြောကြားသွားသည်။

တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးဌာန အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချုပ် ခင်အောင်မြင့်မှာ သဘောထား တင်းမာသူဟု လူသိများပြီး ၂ဝဝ၃ ဒီပဲယင်းအရေးအခင်း ကွပ်ကဲရာတွင် ပါဝင်ခဲ့သူဟု စွပ်စွဲခံရသည်။

သို့သော်လည်း ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းကမူ လွှတ်တော်တွင် အများစု သဘောတူတိုင်း ခေါင်းညိတ်စရာ မလိုဟု ပြောသည်။

“ဖြူသင့်တဲ့ဟာကတော့ ဖြူတဲ့အကြောင်း ပြောရမှာပေါ့၊ မဲတဲ့ဟာကတော့ မဲတဲ့အကြောင်း ပြောရမှာပေါ့၊ အဲဒါမျိုး ဖြစ်ဖို့လိုတယ် ဒါပေမဲ့ အခုကတော့ လွှတ်တော်ဆိုပေမယ့် ပါတီတခုထဲက အင်အားများတယ်လေ၊ အဲဒီတော့ သူဖြူရင် ငါမည်း မဆန့်ကျင်ရဘူးဆိုတဲ့ သဘောမျိုး သက်ရောက်ပြီး လန့်သွားကြတာ၊  အများစုဆိုပြီး လူတဦးတယောက်က ဦးဆောင်ပြောတဲ့ဟာမျိုးကို ကျန်တဲ့ လူနည်းစုတွေက လက်ခံပေးရမယ်ဆိုပြီး ကြောက်သွားတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့ဗျာ” ဟုပြောသည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်လောင်း ၃၉ ယောက် ဝင်ပြိုင်ပြီး တိုင်းဒေသကြီး လွှတ်တော်အတွက် ၁ ယောက် အရွေးခံရသည်။

သို့သော် လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော် အတွေ့အကြံု နည်းပါးသေးသည့်အတွက် ထိုကဲသို့ သတ်မှတ်ချက်များ ချမှတ်ခြင်းမှာ ကောင်းမွန်ကြောင်း ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်ဦးရေ အများဆုံးရသည့် ကြံ့ဖွံ့ပါတီ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက ဆိုသည်။

“ကျနော်တို့ဆီမှာ Practice ကသိပ်မရှိသေးဘူးလေ၊ မရှိတော့ သတ်မှတ်ချက် စည်းကမ်းတွေနဲ့ လုပ်ထားမှပဲ တော်ရုံကျမှာပဲ၊ Practice မရှိတဲ့အချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားနိုင်တဲ့အနေအထားမျိုး ဖြစ်သွားနိုင်ပါတယ်၊ ဒါကြောင့် ကြိုပြီး ကာကွယ်တဲ့သဘောမျိုးဖြစ်ပါလိမ့်မယ်” ဟု သူကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးပွဲများတွင်  အကျိုးအကြောင်း ခိုင်လုံစွာတင်ပြ ဆွေးနွေးမည်ဖြစ်ပြီး လမ်းဘေးရန်ပွဲများကဲ့သို့ ပြုလုပ်ရန် အကြောင်းမရှိကြောင်း ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် စိုင်းဆောင်စီက ပြောသည်။

“ဆွေးနွေးစဉ်မှာ သူပြောငါပြောနဲ့ ကြံုသလို လမ်းဘေးစကားရည်လုပွဲလို၊ လမ်းဘေးမှာ ရန်ဖြစ်နေတာလို ပြောစရာအကြောင်းလဲ မရှိဘူး။ နောက်ပြီးတော့  လွှတ်တော်မှာဖြစ်တဲ့အတွက် အကျိုးအကြောင်းနဲ့ ပြောရမှာဖြစ်တဲ့အတွက် ပြောတဲ့စကားတွေအားလုံးဟာ အကုန်သိမ်မွေ့မယ်၊ အကျိုးအကြောင်း ခိုင်လုံမယ်” ဟုဆိုသည်။

မြန်မာ့ရုပ်မြင်သံကြားက လွှတ်တော်အစည်းအဝေးများကို ယမန်နေ့က ပြသသွားရာ မဟော်ဂနီရောင် ခြံုလွှမ်းထားသော ထိုင်ခုံနေရာများတွင် အဖြူရောင်တိုက်ပုံဝတ်များနှင့် စစ်ယူနီဖောင်းဝတ်အမတ်များအကြား တိုင်းရင်းသားဝတ်စုံဝတ် အမတ်အချို့ကို ကျိုးတိုးကျဲတဲ တွေ့မြင်ရသည်။

ငြိမ်သက်လွန်းလှသော အစည်းအဝေးများအတွင်း အမတ်အချို့က လွှတ်တော်ဥက္ကဋ္ဌများ အမှာစကား ပြောနေချိန်တွင် မှတ်စုစာအုပ်များဖြင့် လိုက်လံ မှတ်သားနေခဲ့ကြသည်။

နောက်လာမည့် အနာဂတ် လွှတ်တော်တွင်လည်း မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များက အကျိုးအကြောင်း ခိုင်လုံသည့် ဥပဒေမူကြမ်းများ တင်သွင်းမည်ဖြစ်ပြီး ထိုဥပဒေ မူကြမ်းများအပေါ် မေးခွန်း ထုတ်ပိုင်ခွင့်လည်း ရှိကြောင်း ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်အမတ် စိုင်းဆောင်ဆီ ကဆိုသည်။

“အနာဂတ် လွှတ်တော် ၂ ရပ်လုံးမှာ  ဥပဒေမူကြမ်းတို့ အဆိုတင်သွင်းတာတို့ မေးခွန်းထုတ်တာတွေကို အန်ကယ်တို့ စလုပ်လို့ရပြီ။ အကျိုးအကြောင်းနဲ့  တင်သွင်းမယ်၊  မေးခွန်းတွေထုတ်မယ်၊ ဒါက တရားဝင်လုပ်မှာလေ၊ ရန်ဖြစ်ပြီးလုပ်မှာမဟုတ်ဘူး” ဟု စိုင်းဆောင်စီက ပြောသည်။

ယခု လွှတ်တော်တက်ရောက်နေကြသည့် အမတ်များအနေဖြင့် မြန်မာရိုးရာ ဝတ်စုံများ ဝတ်ဆင်ရန်လိုအပ်ပြီး လွှတ်တော်တွင်း ဝင်ရောက်ရာတွင်လည်း လက်ကိုင်ဖုန်း၊ ကင်မရာ၊ အသံဖမ်းစက် စသည်တို့ ယူမလာရန် ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်ထားသည်။