သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တိုးချဲ့ဆဲကာလိ မြို့နယ်ခွဲသစ်၌ အသစ်တိုးချဲ့မည့် အရှေ့အလယ်ပိုင်း စစ်တိုင်းဌာနချုပ်ရုံး တည်ဆောက်ရေးအတွက် ကျေးလက်မြေယာ ဧကရာချီ စျေးနှိမ်သိမ်းဆည်း နေ ...
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တိုးချဲ့ဆဲကာလိ မြို့နယ်ခွဲသစ်၌ အသစ်တိုးချဲ့မည့် အရှေ့အလယ်ပိုင်း စစ်တိုင်းဌာနချုပ်ရုံး တည်ဆောက်ရေးအတွက် ကျေးလက်မြေယာ ဧကရာချီ စျေးနှိမ်သိမ်းဆည်း နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရပါသည်။
တပ်မဟာ ရ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်ပိုင်းနှင့် ဝင်ဆန့်သူတဦးက - “အရှေ့အလယ်ပိုင်း စစ်တိုင်းသစ်က ခိုလမ်မှာမဟုတ်ဘူး။ ကွန်ဟိန်းမြို့နဲ့ နမ့်ပန်ချေင်းအရှေ့ဘက် ကာလိမှာဘဲ သတ်မှတ်လိုက်ပြီတဲ့။ အခုဇောက်ချ တည်ဆောက်နေပြီ၊ တောင်သူ ၄ဝ ဦးလောက် ပိုင်ဆိုင်တဲ့ စိုက်ပျိုးမြေ ဧက ၃ဝဝ နီးပါးစျေးနှိမ်/လျော်ကြေးပေး ပြီးသိမ်းယူတယ်။ သီးနှံစိုက်နေရင် တဧက ကျပ် ၂ သိန်း၊ သီးနှံစိုက်မထားရင်တော့ ၁ သိန်း ပေးတယ်၊ ပိုက်ဆံမယူလဲ အလကားသိမ်းမှာဘဲ” - ဟု ဆို၏။
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တိုးချဲ့ဆဲ ကာလိ မြို့နယ်ခွဲသစ်၌ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုးချဲ့တည်ဆောက်ရန် ဗိုလ်မှူးချုပ်မြတ်ထွန်းဦးမှ ဒီဇင်ဘာ ၃၁ အစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်ခဲ့ကြောင်း၊ ၁ဝ ရက်မှစ၍ တည်ဆောက်ရေးစတင်လာခဲ့ကြောင်း၊ ဝမ်းရေးအတွက် စိုက်ပျိုးမြေမရှိတော့့သည့် ဒေသခံ ကျေးလက် တောင်သူ အများအပြား ထိုင်းနိုင်ငံသို့ အလုပ်ရှာထွက်သွားကျသဖြင့် မြို့တခုလုံးဆိတ်ငြိမ်နေကြောင်း၊ အရောင်း အဝယ်လည်းမဖြစ်တော့ကြောင်း - ဒေသခံတဦးကပြောပြပါသည်။
“တပ်တည်ဆောက်ဖို့ လုပ်အားအ ဓမ္မစေခိုင်းတာတော့ မရှိသေးဘူး၊ ကာလိမြို့တွင်းပြောတာနော်၊ ကျေးလက်ဘက် တော့ မသိဘူး၊ သူတို့တည်ဆောက်ရေးမှာ အလုပ်သမားတရာကျော်ငှားထားတယ်။ တနေ့လုပ်အားခ အမျိုးသမီးဆို ၂၅ဝဝ ကျပ်၊ အမျိုးသားဆို ၃ဝဝဝ ကျပ် ရတယ်။ အရင်တုန်းက အမျိုးသား/သက်ကြီးပိုင်းတွေလဲ နေ့စားအလုပ်သမား အဖြစ် လက်ခံတယ််။ ဒီအပတ်ထဲမှာတော့အမျိုးသားဆိုမယူဘူး။ အသက်အရွယ်ကောင်းတဲ့ အပျိုအမျိုးသမီးတွေဘဲ ယူတယ်။ အုပ်၊သဲ၊သစ်၊ မြေတူး/သယ်တဲ့အလုပ်ပေါ့” - ဟု ဒေသခံနောက်တဦးက ပြောပါသည်။
ကာလိမြို့နယ်ခွဲတွင် တာ့ကော့်သံလွင်တံတားလုံခြံုရေးတပ် ခလရ ၂၉၆ က လုံခြံုရေးယူပေးပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အပြင်၊ တိုးချဲ့ခြေလျင်တပ်ရင်းသစ် ခလရ ၁၅၁ အတွက်တပ်စခန်း၊ အထက်တန်းကျောင်း၊ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ် ရေးရုံး၊ ဌာနဆိုင်ရာရုံးများ အသီးသီးနေ့စဉ် ရက်ဆက်တည်ဆောက်နေကြာင်း ကြားသိရပါသည်။
“မြို့နယ်ခွဲ ဥက္ကဌ က ဦးအေးကိုသက်တဲ့၊ အသက် ၂၈ နှစ်ဘဲ ရှိသေးတယ်၊ ရဲမှူးက နိုင်နိုင်ငြိမ်းတဲ့။ သူတို့အပါဝင် ဝန်ထမ်းတွေအားလုံးက နေပြည်တော်ကနေလာတာချည်းဘဲ” - ဟု လည်းပြောပြပါသည်။
မြို့နယ်ခွဲသစ်၊ စစ်တိုင်းရုံးသစ်တည်ဆောက်ရေးလုပ်ငန်းအပြင် ကာလိမှ မြောက်ဘက်ရှိ မိုင်းဇန် (မိုင်းရှူးမြို့နယ်) မြို့နယ်ခွဲသစ်သို့ (ကာလိ-ဟိုပန်-မိုင်းဇန်) ကားလမ်းလည်းတိုးချဲ့တည်ဆောက်နေကြောင်း ဒေသခံများကပြောပါ သည်။
(ယခင်သျှမ်းပြည်တပ်မတော် တပ်မဟာ ရ ) ထိန်းချုပ်စဉ်က ကာလိကျေးရွာအုပ်စုသည် ကုန်သည်ပွဲစားများခရီး သွားဧည့်သည်များဖြင့် မြို့ကဲ့သို့လူစည်ကားသိုက်မြိုက်ပြီး ကူးသန်းရောင်းဝယ်ရေးအချက်အခြာဖြစ်ခဲ့်ကြောင်း၊ ယခု အခါမှာမူ ကျေးလက်ကုန်စိမ်းသည် လောက်နှင့်သာ ခြောက်ကပ်နေတော့ကြောင်း ထိုင်းနယ်စပ်သို့တိမ်းရှောင်ရောက် ရှိခဲ့သည့် စိုက်ပျိုးမြေသိမ်းဆည်းခံရသူ/ဒေသခံများက ပြောပြပါသည်။
ကာလိမြို့ခွဲနယ်အတွင်း စစ်အင်အားသစ်ရောက်ရှိဖြည့်တင်းအခြေချခြင်းမရှိသေးသော်လည်း နအဖစစ်ယာဉ်တန်း များက ဂျန္နဝါရီ 22/01/2011 တွင် 10 စီး၊ 24/01/2011 တွင် 10 စီးအပြည့် ကလေးစစ်သား/ ရဲဘော်သစ်များ ကာလိကို ဖြတ်သန်း၍ သံလွင်အရှေ့ခြမ်းသို့ ပို့ဆောင်သည်ကိုတွေ့ရကြောင်းလည်း ဒေသခံများကပြောပြပါသည်။