ယာဉ်တင်အလေးချိန် ကန့်သတ်ချက်ရက်ရွေ့

ယာဉ်တင်အလေးချိန် ကန့်သတ်ချက်ရက်ရွေ့
by -
သျှမ်းသံတော်ဆင့်

အာစီယံစံနှုန်းအတိုင်း ပြည်တွင်းကုန်တင်ယာဉ်များ တင်ဆောင်ရမည့် အလေးချိန် ကန့်သတ်ချက်ကို တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ယခုလ ၂ဝ ရက်နေ့ နောက်ပိုင်းမှ အကောင်အထည် ဖေါ်နိုင်မည် ...

အာစီယံစံနှုန်းအတိုင်း ပြည်တွင်းကုန်တင်ယာဉ်များ တင်ဆောင်ရမည့် အလေးချိန် ကန့်သတ်ချက်ကို တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ယခုလ ၂ဝ ရက်နေ့ နောက်ပိုင်းမှ အကောင်အထည် ဖေါ်နိုင်မည်ဟု သိရသည်။

မူစယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးလမ်းကြောင်းတွင် ဇန်နဝါရီပထမအပတ်မှ စတင် ကျင့်သုံးရန်ညွန်ကြားထား သော်လည်း ယာဉ်များ အဆင်မပြေမှု ရှိနေသဖြင့် ရက်ရွေ့ရခြင်း ဖြစ်ကြောင်း မူစယ် ၁ဝ၅မိုင် ကုန်သွယ်ရေး ဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကုန်အလေးချိန်ကန့်သတ်ချက်တွေက အခုလ ၂ဝ ရက်နေ့အထိ ထပ်ရွှေ့လိုက်တယ်။ကုန်ကားအသိုင်း အဝိုင်း ကလည်း ချက်ခြင်းလိုက်လုပ်ဖို့ အဆင်မပြေတဲ့အတွက် တင်ပြလာတဲ့အပိုင်းလေးတွေရှိနေလို့ပါ။ ကားတွေမှာ တချို့မလိုအပ်တဲ့ အ စိတ်အပိုင်းတွေ ဖြုတ်ရတာတွေရှိတော့လေ။ ၂ဝ ရက်နေ့နောက်ပိုင်းမှ အခြေအနေ ထပ်သိရမယ် ” -ဟု သူက ပြောသည်။

ပြည်တွင်းကုန်တင်ယာဉ်များ တင်ဆောင်ရမည့် ကုန်အလေးချိန် သတ်မှတ်ချက်များကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလပိုင်း ကတည်းက ဆောက်လုပ်ရေးနှင့် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဋ္ဌာနတို့ ပူးပေါင်း သတ်မှတ်ခဲဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလေးချိန်များမှာ ၁၄ ဘီးတပ်ယာဉ် ကုန် ၃၄ တန် ၊ ၁၂ ဘီးတပ်ယာဉ် ကုန် ၃ဝ တန် ၊ ၁ဝဘီးတပ် ယာဉ် ၂၅ တန် နှင့် ၆ ဘီးတပ်ယာဉ် ကုန် ၂ဝ တန် သတ်မှတ်ထားသည်။

ထို့နောက် အာစီယံနိုင်ငံများရှိ ယာဉ်များတင်ဆောင်သည့် အလေးချိန်အတိုင်းတင်ဆောင်ရန်ဒီဇင်ဘာလ ဆန်း ပိုင်းက ပြောင်းလဲ သတ်မှတ်လိုက်သည်။

အာစီယံနိုင်ငံများတွင် ၁၄ ဘီးတပ်ယာဉ် ကုန်အလေးချိန် ၃၄ တန် ၊ ၁၂ ဘီးတပ်ယာဉ် ကုန်၂၅ တန် ၊ ၁ဝဘီးတပ်ယာဉ် ၂၁ တန် နှင့် ၁ဝ ဘီးတပ်ယာဉ် ၁၆ တန် သတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိမူစယ် - မန္တလေးလမ်းကြောင်းတွင် ပြေးဆွဲနေသည့် ယာဉ်များသည်ယခင်သတ်မှတ်ကုန်အလေးချိန် အတိုင်း တင်ဆောင် နေကြောင်း သိရသည်။

Most read this week