ယခုနှစ် ကရင်နီပြည်တွင် အဆုတ်ရောဂါ အဖြစ်များ

ယခုနှစ် ကရင်နီပြည်တွင် အဆုတ်ရောဂါ အဖြစ်များ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင် ယခုနှစ် ရာသီဥတု ပိုမိုအေးလာမှုနှင့် ဒေသခံများ၏ ကျန်းမာရေး ဗဟုသုတ နည်းပါးမှုကြောင့် အဆုတ်ရောဂါ ဖြစ်ပွားခြင်းမှာ ပိုမိုများပြားလာသည်ဟု ကရင်နီနယ်လှည့် ကျန်းမာရေး အဖွဲ့က ပြော ...

ကရင်နီပြည်တွင် ယခုနှစ် ရာသီဥတု ပိုမိုအေးလာမှုနှင့် ဒေသခံများ၏ ကျန်းမာရေး ဗဟုသုတ နည်းပါးမှုကြောင့် အဆုတ်ရောဂါ ဖြစ်ပွားခြင်းမှာ ပိုမိုများပြားလာသည်ဟု ကရင်နီနယ်လှည့် ကျန်းမာရေး အဖွဲ့က ပြောသည်။

ရှားတောမြို့နယ်မှ ကျေးရွာတရွာပြီးခဲ့သည့် နှစ်တွင် အသက်ရှူလမ်းကြောင်းရောဂါနှင့် အဆုတ်ရောဂါ ဖြစ်ပွားသူဦးရေသည် ၂ သောင်းခန့် ရှိပြီး ယခုနှစ်တွင် ၃ သောင်းကျော် ရှိလာသည်ဟု ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့ တာဝန်ခံ ခူဒယ်နီယာက ပြောသည်။

“အဲဒီအဆုတ်ရောဂါက ပိုများလာတယ်။ အရင်နှစ်တွေထက် စာရင် သိသိသာသာ တိုးလာတယ်။ ကလေးတွေက အေးလို့ပဲ အအေးပတ်တာ ဖြစ်တယ်။ နောက်တခုက သူတို့ ဖုန်မှုန့်တွေ ရှူမိတာကနေလဲ ဖြစ်တယ်” ဟု ခူဒယ်နီယာက ပြောကြားသွားပါသည်။

အသက် ၅ နှစ်အောက် ကလေးနှင့် အသက်ကြီးရွယ်အိုတွင် ပိုပြီး အဖြစ်များသည်ဟု ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များတွင် ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ယူရသည့် ဆေးမှူး ငါးရယ်က ပြောပါသည်။

၎င်းက “အအေးမိရောဂါဆိုတာ ဂရုစိုက်ရတယ်။ အအေးမခံရဘူး။ ဒါပေမယ့် ကျနော်တို့ ကျေးလက်တောရွာမှာက တောင်ယာ သွားဖို့ပဲ အဓိကထားတော့ သူတို့ရဲ့ ကလေးတွေကို ဂရုမစိုက်ဘူး။ တကယ်ဆိုးဆိုးရွားရွား ဖြစ်လာမှ ကြည့်တယ်” ဟု ပြောသွားပါသည်။

ကရင်နီနယ်လှည့် ကျန်းမာရေး အဖွဲ့သည် ကရင်နီပြည် ဖာဆောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ လွိုင်ကော်မြို့နယ်မှ ကျေးရွာအုပ်စု ၃ အုပ်စု၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များတွင် လှည့်လည်ဆေးကုသမှု ပြုလုပ်လျှက်ရှိပါသည်။