ကျိုက်မရောနယ်တွင် လောင်းကစားဝိုင်းများ ကြီးထွားလာ

ကျိုက်မရောနယ်တွင် လောင်းကစားဝိုင်းများ ကြီးထွားလာ
by -
စိုးစိုး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်းကျေးရွာတွင် လက်နက်ချ မွန်ငြိမ်းချမ်းရေး ကောင်စီများက ဇာတ်ပွဲများသွင်းပြီး လောင်းကစားဝိုင်းများ ဗြောင်ဗြောင်တင်းတင်း ထောင်ထားသည် ...

စိုးစိုး(ဇန်နဝါရီ-၁၂)။     ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်းကျေးရွာတွင် လက်နက်ချ မွန်ငြိမ်းချမ်းရေး ကောင်စီများက ဇာတ်ပွဲများသွင်းပြီး လောင်းကစားဝိုင်းများ ဗြောင်ဗြောင်တင်းတင်း ထောင်ထားသည်ဟု ဒေသခံများမှ ပြောပါသည်။

ဤကဲ့သို့ ပွဲတော်ကို ဘန်းပြပြီး အလောင်းကစားဝိုင်းများမှ အကောက်အခွန်များကို ကောက်ယူပြီး ပွဲရက်ရှည်ရှည်် ပြသခြင်းကို ဒေသခံများက မကြိုက်နှစ်သက်ကြောင်း ဒေသခံတစ်ဦးမှ ယခုလို ပြောပါသည်။

“ဇာတ်ပွဲတွေကို တစ်ပွဲပြီးတစ်ပွဲ သွင်းနေတယ်။ ရွာကလူတွေကတော့ ပွဲပြတာကို အကြောင်းမဟုတ်ပေမယ့် ပွဲကြောင့် အလုပ်ကောင်းကောင်း မလုပ်ရဘူး၊ အဲဒီအတွက်ကြောင့် စိတ်ညစ်နေရတယ်။ အခုပွဲကကော့ဒွန်းရွာရဲ့ ဘုရားပွဲမဟုတ်ဘူး။ ဘုရားပွဲက ပြာသိုလဆုတ်(၁)ရက်နေ့မှစမှာ။ အခုပွဲက မွန်ငြိမ်းချမ်းရေးအဖွဲ့တွေက သူတို့ဟာ သူတို့သွင်းထားတဲ့ပွဲပါ။ ကျေးရွာဥက္ကဌဆီမှာလဲ အခွင့်မတောင်းထားဘူး။ ဘယ်သူကိုမှလဲ သူတို့ကမကြောက်ဘူး”

ထိုလောင်းကစားဝိုင်းတွင် ဖဲဝိုင်း အနီထောင်ဝိုင်း အံဂလုံဝိုင်းအစုံရှိနေသည်ဟု ဒေသခံရွာသူတစ်ဦးမှ ပြောပါသည်။ ဤလောင်းကစားဝိုင်းကိုမွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ရံပုံငွေအတွက် ဖွင့်ထား သည်ဟု အဖွဲ့နှင့်နီးစပ်သူတစ်ဦးမှအခုလိုပြောပါသည်။

“ဟုတ်ကဲ့။ ဒီမွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ရံပုံငွေအတွက်ပေါ့နော်။ အဲဒီမှာသက်ဆိုင်ရာ စစ်အာဏာပိုင်တွေနဲ့ ညှိပြီးတော့ အခုလိုလောင်းကစားဝိုင်းတွေ ဖွင့်ထားတာရှိတယ်ခင်ဗျာ့။ အဲသူတို့အတွက် ကျတော့ တစ်နေ့ကို(၃)သိန်းလောက် တော့ရတယ်လေ။ အဲဒီတော့ဖွင့်ထားတာကတော့ အခုဟာလနဲ့ချီ တော့မယ်။ ဒေသခံအာဏာပိုင်တွေနဲ့ သူတို့နဲ့ညှိပြီးမှလုပ်တဲ့ကိစ္စဆိုတော့ ပြသနာတော့မရှိဘူးလေ။”

အလားတူ မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့တွေအခြေချရာ ကော့ကရိတ်မြို့နယ် ကော့ပေါက် ကျေးရွာတွင်လည်း လောင်းကစားဝိုင်းတွေဖွင့်လှစ်ထားပြီး ယခုလိုလောင်းကစားဝိုင်းများ တရားဝင်ပုံစံလိုဖွင့် ထားခဲ့သည့်အတွက်ကြောင့် မိသားစုလူနေမှုဘဝထိခိုက်မှုရှိနေသည်ဟု ဒေသခံကျောင်းဆရာတစ်ဦးမှ ပြောပါ သည်။

“ထိခိုက်တယ်ဆိုတာကတော့ သိသလောက်ပေါ့နော်။လူကြီးတွေမကဘူး ကျောင်းသားတွေလဲ ဒီလောင်း ကစားဝိုင်းမှာ ရောက်ရောက်နေတယ်။ အဲပြီးတော့ လောင်းကစားအကျိုးအတွက်ကြောင့်ပေါ့နော်။ အိမ်ထောင်ရေး ဘက်မှာ ပြသနာဖြစ်ခဲ့သူတွေလဲအများကြီးရှိတယလေ။ တချို့ဆိုရင်ဆိုင်ကယ်တွေပေါင် ခြံတွေပေါင်ရတဲ့ အဆင့်အထိတောင်။ အဲဒီအခြေအနေလေးတွေ ရောက်နေတယ်။ တချို့ကျတော့ ကစားသမား တို့ရဲ့သဘာဝပေါ့နော်။ နိုင်ရင်လဲသောက်လိုက် စားလိုက်ကုန်သွားတာဘဲ။ ရှံုးရင်တော့ အကြွေးတင် တာပေါ့ဗျာ။ အခုအကြွေးတင် နေတာအများကြီးရှိတယ်။ ကျွန်တော်တို့သူငယ်ချင်းအပေါင်းအသင်းထဲမှာ အများကြီး။ အဲဒီလို အဖြစ်မျိုးနဲ့ တွေ့နေရတယ်။ ပြီးတော့မိသားစုဘဝအတွက်ပေါ့နော် ထိခိုက်နိုင်တယ်။”

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့သည် (၂၀၁၀)ခုနှစ်အောက်တိုဘာလ(၂၆)ရက်နေ့တွင် စစ်အစိုးရ ထံ၌ လက်နက်အပ်နှံခဲ့ပြီး ဒီဇင်ဘာလ(၁)ရက်နေ့တွင် ဒုတိယအကြိမ်လက်နက်ထပ်မံအပ်နှံခဲ့ပါသည်။ ဒီဇင်ဘာလ လောက်တွင် ယခုလိုလောင်းကစားဝိုင်းတွေဖွင့်ပြီး ရံပုံငွေရှာနေခဲ့သည်ဟု အဖွဲ့နှင့်နီးစပ်သူတွေက ပြောပါသည်။