စစ်တပ်မှ ငှားရမ်းလယ်အတွက် ငွေ အပြည့် မပေးဆပ်နိုင်သဖြင့် ကျေးရွာရယက လူကြီး ၂ ဦး ထွက်ပြေးရ

စစ်တပ်မှ ငှားရမ်းလယ်အတွက် ငွေ အပြည့် မပေးဆပ်နိုင်သဖြင့် ကျေးရွာရယက လူကြီး ၂ ဦး ထွက်ပြေးရ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ရယက လူကြီး နှစ်ဦးမှာ ၎င်းတို့ပိုင် လယ်မြေကို စစ်တပ်မှ တဖန် ဌားရမ်းပြီး လုပ်ကိုင် စားသောက်ရာတွင် ယခုနှစ်တွင် လယ်ဌားခကို အပြည့် မပေးဆပ် နိုင်သဖြင့် ဖမ်းဆီး ...

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ရယက လူကြီး နှစ်ဦးမှာ ၎င်းတို့ပိုင် လယ်မြေကို စစ်တပ်မှ တဖန် ဌားရမ်းပြီး လုပ်ကိုင် စားသောက်ရာတွင် ယခုနှစ်တွင် လယ်ဌားခကို အပြည့် မပေးဆပ် နိုင်သဖြင့် ဖမ်းဆီးမည်ကို ကြောက်၍ ထွက်ပြေး နေရကြောင်း သတင်း ရရှိသည်။

Land-confiscateယခု ထွက်ပြေး တိမ်းရှောင် နေရသည့် ရယက လူကြီ ၂ ဦးမှာ မင်းပြားမြို့နယ် ပလိပ်ပေါက်ရွာမှ ရယက ဥက္ကဌ ဦးကျော်ထွန်းနှင့် ငဖြူကျေးရွာမှ ရယကအတွင်းရေးမှူး ဦးလှထွန်းသာတို့ ဖြစ်ကြောင်း သိရသည်။

ဒေသခံ တစ်ဦးက “ စစ်တပ်က အဲဒီ ဒေသအတွင်းမှာ လယ်သမားတွေဆီက သိမ်းဆည်းထားတဲ့ လယ်ဧက ၁၂၀ ရှိပါတယ်။ တိုင်းဗဟို (၉) ကသိမ်းထားတဲ့ လယ်တွေပါ။ ဒီလယ်တွေကို ကျေးရွာသားတွေက ကျပ် သိန်း ၁၆၀နဲ့ နှစ်စဉ် စစ်တပ်က ပြန်ဌားပြီး လုပ်ကိုင် စားသောက်ရပါတယ်။ အဓိကတော့ ကျေးရွာ ရယကတွေက ဌားရမ်းပြီး လယ်သမားတွေကို ပြန်ခွဲဝေပေးကာ လုပ်ကိုင် စားသောက်နေကြရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ရာသီဥတုကြောင့် လယ်သမားတွေက စပါးမရတော့ စုစုပေါင်း ကျပ်သိန်း ၁၂၀ ပြန်ဆပ်နိုင်သေးပြီး ကျန် သိန်း ၄၀ ကို မဆပ်နိုင်တာကြောင့် စစ်တပ်က ဖမ်းဆီးမှာကို ကြောက်ပြီး လူကြီးနှစ်ဦးက ရှောင်တိမ်းသွားကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ လယ်ဌားခ ကျပ်သိန်း ၁၆၀ ကို နှစ်စဉ် ဇန်န္နဝါရီလ ၁ ရက်နေ့တွင် နောက်ဆုံး ထားပြီး ပေးဆောင် ကြရကြောင်းနှင့် ယခုနှစ်တွင် လယ်သမားများထံမှ သိန်း ၁၂၀ သာ ကောက်ခံရရှိကြောင်း သိရသည်။

ရယက လူကြီး နှစ်ဦး ထွက်ပြေးသွားသတင်းကိုကြားပြီးနောက်ပိုင်း တိုင်းဗဟို ၉ မှ ဗိုလ်ကြီး ကျော်စွာ ဦးစီးသော ရဲဘော် ၄ ဦးပါ အဖွဲ့တစ်ဖွဲ့သည် ရယက လူကြီး နေအိမ်သို့ ရောက်ရှိလာပြီး အိမ်ရှင်မ ၂ ကို ခြိမ်းခြောက် ပြောဆိုမူများ ရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

“သူတို့က ဇန်န္နဝါရီလ ၁ ရက်နေ့ ညနေ၄ နာရီခန့် လောက်မှာ လက်နက်တွေကိုင်ပြီး အိမ်တွေကို လာရှာတယ်။ မတွေ့တော့ သူတို့ ပြောသွားတာက ဒီလ ၃၁ နေ့မှာ အဲဒီငွေ သိန်း ၄၀ ကိုမရရအောင် ရှာပေးရမယ်။ ရှာမပေး နိုင်ရင် နင်တို့ အိမ်ရှင်တွေကို ဖမ်းမယ်။ သူတို့နှစ်ယောက်ကို မရရင် နင်တို့တွေကို ဖမ်းယူသွားမယ် ဆိုပြီးတော့ ပြောသွားပါတယ်။ အဲသလို ခြိမ်းခြောက်မူကြောင့် အမျိုးသမီးတွေက တော်တော်ကို စိုးရိမ် နေကြရပါတယ်“ ဟု သူက ပြောသည်။

စစ်တပ်က ဖမ်းဆီးလျှင် ခြောက်ပေါက်တွင် ထည့်ထားပြီး ပြင်းထန်စွာ ရိုက်နက် လေ့ရှှိသဖြင့် မည်သူမျှ စစ်တပ် အဖမ်းဆီးကို မခံရဲကြကြောင်း ဒေသခံများက ပြောသည်။

ယခု လက်ရှိ ရခိုင်ပြည်နယ်တွင် လယ်သမား တစ်ချို့မှာ သူတို့ ဘိုးဘွားပိုင် လယ်မြေများကို စစ်တပ်က တပ်မြေထဲ ပါ၀င်သွားသည်ဟု ဆိုကာ သိမ်းယူသွားပြီး အဆိုပါ လယ်မြေများကို စစ်တပ်မှ တဆင့် တဖန် ပြန်ငှားရမ်းပြီး လုပ်ကိုင် စားသောက် နေရသောကြောင့် အထူး ဒုက္ခများနှင့် ရင်ဆိုင်ကြံုတွေ့နေကြရသည်ဟု သိရသည်။

Most read this week