အချိန်က နိုဝင်ဘာလ ရ ရက်နေ့တိတိ။ မြန်မာစံတော်ချိန် နေ့လည် ၁၁နာရီ အချိန်လောက်မှာ လူဦးရေ ၄၀ကျော် ၀န်းကျင်လောက်ဟာ တောင်တခြမ်းလောက် ကျယ်ဝန်းတဲ့ တောင်ယာတွေထဲမှာ ...
အချိန်က နိုဝင်ဘာလ ရ ရက်နေ့တိတိ။ မြန်မာစံတော်ချိန် နေ့လည် ၁၁နာရီ အချိန်လောက်မှာ လူဦးရေ ၄၀ကျော် ၀န်းကျင်လောက်ဟာ တောင်တခြမ်းလောက် ကျယ်ဝန်းတဲ့ တောင်ယာတွေထဲမှာ ချွေးသံတရွဲရွဲနဲ့ စပါးပုတ်သူက ပုတ်၊ စပါး သယ်တဲ့လူကလည်း တရုန်းရုန်းနဲ့ တောင်ကျောပေါ်မှာ တောင်ယာခုတ်သူကလည်း တဖြည်းဖြည်း ပုံမှန် ခုတ်နေကြပါတယ်။
အဲဒီမှာ ထူးဆန်းတာက စပါးပုတ်တဲ့နေရာရဲ့ ဘေးတဖက်မှာ လူဦးရေ ၁၀ ယောက်လောက်ဟာ အမောပြေဖို့ ခနလေးထိုင်ပြီး စကားဝိုင်းဖွဲ့ ပြောနေကြတာပေါ့။
သူတို့တွေဟာ ကရင်နီပြည် ရှားတောမြို့နယ်ကနေ တောင်ယာအထိ ခြေခြင်နဲ့ဆိုရင် ၂ နာရီ ခရီး လမ်းလျှောက်လာပြီး အလုပ်လုပ်နေရတာပါ။ ရှားတောနဲ့ သံလွင်ဟာ ၁၂ နာရီ ခြေခြင် ခရီးလောက်သာ ဝေးပါတယ်။
စပါးပုတ်တဲ့နေရာရဲ့ ဘေးတဖက်မှာ ၀ုိင်းဖွဲ့စကားပြောနေတဲ့ အလုပ်သမားတွေဟာ ဟိုဟိုဒီဒီ စပ်မိစပ်ရာ ဟေးလေးဝါးလား စကားပြောကြရာမှ အဝေးက ရောက်လာတဲ့ ဧည့်သည်တော် တယောက်က မကြာမီ စစ်အစိုးရက သံလွင်ရေကာတာ တည်ဆောက်မယ်ဆိုတဲ့ ကောလဟာလ သတင်းကို စကားလမ်းကြောင်း ရောက်သွားပါတယ်။
အဲဒီမှာ စကားပြောကောင်းပြီး ဟာသဖောက်တတ်တဲ့ လူငယ်တယောက်က “ဘယ်ဖြစ်နိုင်မလဲ ဒီလိုချောင်းသေးသေးလေးတောင်မှ လုပ်လို့မှ မရတာ သံလွင်ကို ဘယ်လိုသွားလုပ်မလဲ”
လူငယ်လေးက ဟာသနှောပြီးပြောလိုက်တိုင်း ဘေးမှာ ၀ိုင်းထိုင်နေတဲ့ လူတွေကလည်း တဝါးဝါး အော်ရယ်ရင်း ဆူညံနေပါတယ်။ ဘာမှ နားမလည်တဲ့ ပြည်သူတွေအတွက် ရေကာတာ တည်ဆောက်မယ်ဆိုတာ ဟာသတခုလို ဖြစ်နေပါတယ်။
ဧည့်သည်တော်ကလည်း သူ့စကားလမ်းကြောင်းအတိုင်း ဆက်ပြောတာကတော့ “သူများ တကယ်လုပ်မှာ ။ သူများနိုင်ငံ တခြားတိုင်းပြည်ဆိုရင် အဲဒီသံလွင်ထက်ကြီးတဲ့မြစ်တွေကိုတောင်မှ သူများလုပ်သေးတယ်။ ခုက သူများ တခြားတိုင်းပြည်ကနေလာပြီးတော့မှ စက်ပစ္စည်းတွေနဲ့ လာလုပ်မယ်။ အဲမှာ ပိတ်လိုက်ရင် ရေတွေက လျှံတက်လာမယ်။ ခင်ဗျားတို့ရွာတွေကတော့ သွားပြီ။”လို့ ပြောလိုက်ပြန်ပါတယ်။
အဲဒီအချိန်မှာ ဇဝေဇဝါနဲ့ တကယ်လည်းဖြစ်နိုင်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ လူငယ်လေးက သူ့ရဲ့ ယောက်ဖတော်စပ်သူ တယောက်ကို ခေါင်းလှည့်ပြီး ပြောလိုက်ပြန်တယ်။
“ယောက်ဖ အဲလိုဆိုရင် ခင်ဗျားလယ် ခင်ဗျားရောင်းစားပစ်လိုက်။ မဟုတ်ရင် ရေတက်လာတဲ့အခါကျရင် ဘာမှ မစားရတော့ဘူး။ ရောင်းစားပစ်လိုက်” လို့ ထပ်ပြီး ဟာသ တခုဖောက်ပြန်ရာ ဘေးမှ လူများ အားလုံး ပျက်ရယ်ကြပြန်ပါတယ်။
သူတို့ ၀ုိင်းပြီး ပျက်ရယ်ရယ်နေတဲ့ ဧည့်သည်တော်ဟာ တကယ်တော့ တခြားလူ မဟုတ်ပါဘူး။ ရိုးရိုးသာမန် လူတယောက်လို ဟန်ဆောင်ပြီး လူထုတွေရဲ့ ရင်တွင်းစကားကို လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်ဖို့အတွက် နောက်ပြီး ဘယ်လောက်နားလည်ထားလဲဆိုတာ သိရှိချင်တဲ့ ကရင်နီ သတင်းအချက်အလက်တွေ စုဆောင်းသုတေတနပြုရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဆရာ တော်ရယ်ပိုးပဲဖြစ်ပါတယ်။
စစ်အစိုးရက သံလွင်ရေကာတာ ဆောက်လုပ်မယ်ဆိုတာကို လူထုတွေက သိမယ်ဆိုရင်လည်း ဒီဟာမဟုတ်နဲ့၊ လယ်ယာတွေ ပျက်မယ်။ လုပ်ကိုင် စားသောက်ရေးတွေ ပျက်မယ်ဆိုတာ အခုလက်ရှိ အခြေအနေအရဆိုရင် လူထုတွေ ပြောရဲကြမှာ မဟုတ်ပါဘူး။
“စိတ်ထဲမှာတော့ဖြစ်တာပေါ့နော်။ ကိုယ်က အဲဒီကိစ္စတွေကို လိုက်လှုပ်ဆော်တဲ့ တယောက်လည်းဖြစ်တယ်။ ဆိုတော့ လူတွေဘာမှမသိဘူးလို့ သိလိုက်တော့ စိတ်မှာ အားမလိုအားမရဖြစ်တယ်လို့ ပြောရမလား။ စိတ်ထဲမှာတော့ အဲလိုဖြစ်မိတယ်။” လို့ ဧည့်သည်တော်ဖြစ်တဲ့ ဆရာတော်ရယ်ပိုးက ပြောပါတယ်။
ကျောက်ကြီးလို့ခေါ်တဲ့ သံလွင်နဲ့နန်ပန်ချောင်း ဆုံတဲ့ နေရာရဲ့ အထက်ပိုင်းမှာ ရေကာတာ တည်ဆောက်ဖို့အတွက် စစ်အစိုးရနဲ့ တရုတ် ကုမ္ပဏီတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ရ ရက်နေ့မှာ သဘောတူ စာချုပ် ချုပ်ထားပြီးသား ဖြစ်ပါတယ်။
“ဘောလခဲမှာ တရုတ် အင်ဂျင်နီယာ တယောက်လား။ နှစ်ယောက် လား အဲလိုရှိနေတယ်။ သူတို့ သွားလိုက်လာလိုက် ရေအတက်အကျ အမြဲစောင့်ကြည့်နေတယ် အဲလိုသဘောမျိုးပေါ့နော်။” လို့ ဆရာ တော်ရယ်ပိုးကပြောပါတယ်။
စစ်အစိုးရဟာ သံလွင်ရေကာတာ တည်ဆောက်ဖို့အတွက် ရေဘယ်လောက်အတက်အကျရှိလဲဆိုတာ သိနိုင်အောင် ပြီးခဲ့တဲ့ မိုးရာသီကတည်းက စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
“ရှားတောက နန်းဆွယ်ရွာနဲ့တူပါတယ်။ ဘေးပတ်ပတ်လည်မှာ တောင်တွေ ရှိတယ်။ နန်းဆွယ်နဲ့ တပုံစံတည်းပဲ ရာသီဥတုရော။ ရေကတော့ရောက်မယ်။ ရောက်မယ်ဆိုတာက ရှားတောမှာတော့ မရောက်နိုင်ဘူးလေ။ အရင်က ကျနော်တို့ တွက်ကြည့် သလောက်ဆိုရင် ရှားတောရဲ့အရှေ့ဖက် ဥပမာ ၆ ကီလိုလား။ ၁၀ ကီလိုမီတာလား အဲလောက်မှာ ရေရောက်နိုင်တယ်။ အဲဒါက ချောင်းငယ်ပဲပေါ့။ သံလွင်က ရေမြင့်လာရင် ရှားတောချောင်းတွေ ရေတက်လာမှာပဲလေ။” ကရင်နီ ပြည်ထဲရေး ဒု-တာဝန်ခံ ဘားမားနိုင်က ပြောပါတယ်။
သံလွင်ရေကာတာကြောင့် ရှားတောရွာအပြင် သံလွင်အနီး တဝိုက်ရှိ ကျေးလက်တောရွာတွေကလည်း တံငါလုပ်ငန်း၊ အမဲလိုက်စားနေတဲ့ လူထုတွေအတွက် ရေကြောင့် ထိခိုက်နိုင်ပြီး နေ့စဉ် စားဝတ်နေရေးအတွက်လည်းဖြစ်တဲ့ စိုက်ပျိုးရေး လယ်ယာ မြေခြံကိုလည်း ရေကြောင့် ထိခိုက်နိုင်ပါတယ်။
“အကျိုးအမြတ်ကို စဉ်းစားကြည့်ရင် ကျနော်တို့အတွက်မပါဘူး။ မပါလို့ အဲလို သက်သက်ကန့်ကွက်တာလည်း မဟုတ်ဘူး။ ကျနော်တို့ တခုလုံးအတွက်လည်း မကောင်းဘူးလေ။ အဲလိုဖြစ်နေတယ်။ အဲဒါတွေကြောင့်ပေါ့နော်။ ကျနော်တို့ လက်မခံဘူး။ အဲလို အကျိုးအကြောင်းတွေကြောင့် ကျနော်တို့ ဒီဟာကို သဘောမတူဘူး။”လို့ ဆရာ တော်ရယ်ပိုးက ပြောသွားပါတယ်။
လောပိတ အတွေ့အကြံုအရ ရေကာတာ တည်ဆောက်ခြင်းရဲ့ ဆိုးကျိုးမှာ လုံခြံုရေးအရဆိုပြီး တပ်တွေတိုးချဲ့လာပြီး မြေမြုပ်မိုင်းတွေ မြုပ်နှံလာမယ်။ ကျွဲနွားတွေက မြုပ်ထားတဲ့ မြေမြုပ်မိုင်းကို နှင်းမိမယ်ဆိုရင် မိုင်းတန်ဖိုးအတွက် ပြန်ပေးလျှော်ရမယ်။ မီးလည်းရရှိမှာ မဟုတ်ပါဘူး။ ရေအောက်ရောက်သွားတဲ့ လယ်ယာမြေအိမ်ယာတွေ ထိုက်တန်တဲ့ လျှော်ကြေးမရတဲ့အပြင် ရွာသားတွေကလည်း အလှည့်ကျ ကင်းစောင့်ပေးရမယ် စတဲ့ ပြသာနာတွေ ဖြစ်လာနိုင်ပါတယ်။
စစ်အစိုးရဟာ သံလွင်ရေကာတာကို ဘယ်အချိန်မှာ တည်ဆောက်မယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ရေကာတာ တည်ဆောက်မယ်ဆိုတာ ဘာမှ နားမလည်တဲ့ လူထုတွေအတွက်ကတော့ ဟာသတခုလိုဖြစ်သွားပါတယ်။ ဒါပေမဲ့ သူတို့တွေအပေါ် ဆိုးကျိုးတွေ အများကြီး ကျရောက်သွားစေနိုင်တယ်ဆိုတာ အခုအချိန်ထိ လူထုတွေခမျာ ဘာမှ မသိကြရှာပါဘူး။