SSA တပ်မဟာ ၁ ၀င်ငွေရစေမည့် သစ်ကားအစီး ၅၀ နီးပါး နအဖစစ်တပ် ဖမ်းဆီး

SSA တပ်မဟာ ၁ ၀င်ငွေရစေမည့် သစ်ကားအစီး ၅၀ နီးပါး နအဖစစ်တပ် ဖမ်းဆီး
by -
မွေခေါဝ်

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကျိုင်းတောင်း မြို့နယ်ခွဲမှ အပစ်ရပ် သျှမ်းပြည်တပ်မတော် ၀မ့်ဟိုင်း ဌါနချုပ်ဘက် ဖြတ်သန်းရန် ဦးတည်မည်ဟုယူဆရသည့် သစ်ကား ၅၀ စီးခန့် နအဖစစ်တပ် ဖမ်းဆီး ...

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကျိုင်းတောင်း မြို့နယ်ခွဲမှ အပစ်ရပ် သျှမ်းပြည်တပ်မတော် ၀မ့်ဟိုင်း ဌါနချုပ်ဘက် ဖြတ်သန်းရန် ဦးတည်မည်ဟုယူဆရသည့် သစ်ကား ၅၀ စီးခန့် နအဖစစ်တပ် ဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

သစ်ကား (ဓါတ်ပုံ- www.life.com)“ကျိုင်းတောင်းကနေ တက်သွားတဲ့ သစ်ကား အားလုံးကို မိုင်းနောင် မရောက်ခင် နအဖ စစ်တပ်က ဖမ်းလိုက်တာ။ အား လုံး ၄၅ စီးလို့ ပြောတယ်” ဟု တာချီလိတ်ရောက် မိုင်းနောင်ဒေသခံ တစ်ဦးက ပြောပါသည်။

ယခုလ ၄ ရက် ကျိုင်းတောင်းမှ ကျွန်းသစ်နှင့် သစ်မာများ တင်ဆောင်သော ၆ ဘီး၊ ၁၀ ဘီးနှင့် လေးလုံးထိုး သစ်ကား များအား မိုင်းနောင် မရောက်ခင် နအဖစစ်တပ်က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟုဆို၏။

“ကားမောင်းသမားနဲ့ စပယ်ရာကို မိုင်းနောင်မှာ ဖမ်းထားတယ်။ ကားပိုင်ရှင်တွေ သစ်ပိုင်ရှင်တွေ လိုက်သွားပြီး ရွေးထုတ်ဖို့ ပြောလဲမရတဲ့အပြင် ပိုင်ရှင်တွေလဲ အဖမ်းခံရတယ်။ မိုင်းနောင် အချုပ်ခန်းမှာ အားလုံးအယောက် ၁၀၀ လောက် ရှိပြီ” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ကျိုင်းတောင်းမှ သစ်ကားများသည် မိုင်းနောင်-၀မ့်ဟိုင်း(တပ်မဟာ ၁ ဌါနချုပ်)- မိုင်းအွတ်မှ သံလွင်မြစ်ကို ဖြတ်ကျော်ကာ UWSA ဌါနချုပ် ပန်ဆန်းသို့ သယ်ဆောင်လေ့ ရှိသည်ဟု ဆို၏။

“ဒီလိုသစ်ကားတွေ အများကြီး တစ်ချိန်တည်း သွားကြတယ်ဆိုတော့ သစ်ပိုင်ရှင်တွေ ကားပိုင်ရှင်တွေ လမ်းအခြေအနေ သေသေချာချာ စုံစမ်းပြီး သွားကြတဲ့ပုံဘဲ။ ကြိုညှိထားပြီးမှ သွားတာလဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လမ်းခုလတ်မှာ နအဖတပ်က ဖမ်းတယ်ဆိုတော့ တပ်မဟာ ၁ ရဲ့စားပေါက်ကို ပိတ်လိုက်တဲ့ သဘောဘဲ။ ၀မ့်ဟိုင်းကိုဖြတ်ရင် တပ်မဟာ ၁ က အခွန်ရတယ်လေ” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောပါသည်။

နအဖစစ်အစိုးရသည် အပစ်ရပ်အဖွဲ့များ ၀င်ငွေရရှိစေသည့် KIO ဌါနချုပ် လိုင်ဇာသွားလမ်းကိုလည်းကောင်း၊ ကျိုင်းတုံ မှ မိုင်းလားအသွား တာပင့်နမ့်လွေတံတား နယ်ခြားဂိတ်ကိုလည်းကောင်း ပိတ်ပင်ခဲ့ဖူးသည်။

Most read this week