နအဖ စစ်စခန်းကို ALA မှ တိုက်ခိုက်၍ နအဖ တပ်သား ၄ ဦး ကျဆုံး

နအဖ စစ်စခန်းကို ALA မှ တိုက်ခိုက်၍ နအဖ တပ်သား ၄ ဦး ကျဆုံး
by -
မောင်အေး

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ALA မှ ၀င်ရောက် တိုက်ခိုက်မူကြောင့် ပလက်ဝမြို့နယ် အခြေစိုက် စစ်စခန်း တစ်ခုမှ နအဖ စစ်သား ၄ ဦးကျဆုံးသွားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်တွင် ဖေါ်ပြ ...

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ALA မှ ၀င်ရောက် တိုက်ခိုက်မူကြောင့် ပလက်ဝမြို့နယ် အခြေစိုက် စစ်စခန်း တစ်ခုမှ နအဖ စစ်သား ၄ ဦးကျဆုံးသွားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

Ala-of-Platoons-from-No.9-Battalion-of-ALAအဆိုပါ စခန်းမှာ ပလက်ဝမြို့နယ် လက်ဘဝ ကျေးရွာတွင်တည်ရှိပြီး နအဖ စစ်သား ၃၀ ခန့် စခန်းထိုင်နေသော စခန်းဖြစ်သည်။ ဘင်္ဂလာဒေချ့် နယ်စပ်မှ ၅ မိုင်အကွာတွင်တည်ရှိကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ တွဲဘက် အတွင်းရေးမှူး ၂ ခိုင်သုခမှ တိုက်ပွဲ ဖြစ်ပွားပုံကို ယခုကဲ့သို့ ပြောသည်။

“ဇန္နဝါရီလ ၃ ရက်နေ့ နေ့လည် ၂ နာရီမှာ ရခိုင်ပြည်တပ်မတော်က ဗိုလ် ခိုင်သိန်းဇော်ဦးစီးတဲ့ စစ်ကြောင်း တစ်ခုက ၀င်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ နအဖဘက်က ၄ ဦးကျဆုံးပြီး ကျွန်တော်တို့ဆီက တစ်ဦးကျဆုံးသွားခဲ့ပါတယ်။ တိုက်ပွဲက တစ်နာရီထိ ကြာပါတယ်။”

ယခုကဲ့သို့ တိုက်ပွဲအတွင်း နအဖစစ်သား ၄ ဦးကျဆုံးသွားကြောင်းကို မည်ကဲ့သို့ အတည်ပြုနိုင်ပါသနည်းဟု မေးမြန်းရာ ယခုကဲ့သို့ ခိုင်သုခမှ ပြောကြားသည်။

“ တိုက်ပွဲက နေ့ခင်းဘက်မှာ ဖြစ်ပွားတာဆိုတော့ ဘာတွေ ဖြစ်နေတယ်ဆိုတာ အနီးကပ် မြင်နေရတယ်။ သူတို့ဆီက ၄ ဦးကျပြီး စစ်သားနှစ်ဦး ဒဏ်ရာ ရသွားတယ်။ စခန်းကိုတော့ မသိမ်းပိုက်နိုင်ခဲ့ပါဘူး။”

ALA မှ ကျဆုံးသွားသည့် ရဲဘော်မှာ ခိုင်မြဝင်းဖြစ်ပြီး နအဖ စခန်းအား ၀င်ရောက်ရှင်းလင်းစဉ် ကျဆုံး သွားခြင်းဖြစ်သည်။

အဆိုပါ စစ်စခန်းတွင် ခလရ ၅၅ မှ စစ်ကြောင်း ၂ စစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းထွန်း ဦးစီးပြီး အင် အား ၃၀ ခန့်ဖြင့် နယ်စပ်တွင် အခြေပြုလှုပ်ရှားနေသည့် စခန်းဖြစ်သည်။

ယခုတိုက်ပွဲမှာ ယခုနှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်ပွားသော တိုက်ပွဲ ဖြစ်ပြီး ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ၏ မြန်မာ နိုင်ငံ အနောက်ဘက် ဒေသတွင် စစ်ရေးအရှိန်မြင့်တင်ရန် ရည်မှန်းချက်၏ ပထမဆုံး ဖေါ်ဆောင်သော တိုက်ပွဲ ဖြစ်သည်။ အဆိုပါစခန်းကို ယခုကဲ့သို့ ၀င်ရောက်တိုက်ခိုက်ရခြင်းမှာ ရည်ရွယ်ချက်နှစ်ခုရှိကြောင်း သူကဆက် ပြောသည်။

“အဓိက ကျွန်တော်တို့ ဇန်နဝါရီလ ၃ ရက်နေ့မှာ ရန်သူစခန်းကို ၀င်တိုက်ရတာက ၄ ရက်နေ့က လွတ်လပ်ရေး နေ့ဖြစ်တယ်။ အခုရထားတဲ့ ဗမာပြည်လွတ်လပ်ရေးက ဗမာလွတ်လပ်ရေးသာဖြစ် တယ်၊ ကျွန်တော်တို့ ရခိုင်လွတ်လပ်ရေး မဟုတ်ဆိုဒါကို အချက်ပြဖို့ဖြစ်တယ်။ နောက်တချက်က ကျွန်တော်တို့ပါတီက ချမှတ်ထားတဲ့ ၂၀၁၁ မှာစစ်ရေးအချိန် မြင့်ဖို့ဆိုတာကို အကောင်အထည် ဖော်တာဖြစ်တယ်”ဟု သူကပြောသည်။

ရခိုင်ပြည် လွတ်မြောက်ရေးတပ်မှာ အိန္ဒယ နယ်စပ်တွင် အခြေစိုက်ပြီး စစ်ရေးအရ လှုပ်ရှားနေသည့် ယခုလက်ရှိတခုတည်းသော ရခိုင်လက်နက်ကိုင်တပ်ဖြစ်သည်။ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ကို ၁၉၇၃ ခုနှစ်တွင် ရခိုင်ပြည် လွတ်မြောက်ရေး အတွက် ထိုင်း-မြန်မာ နယ်စပ် ကရင် အမျိုးသား အစည်းအရုံး နယ်မြေတွင် တည်ထောင်ခဲ့သည်။

Most read this week