ခဲတူးဖော်ခြင်းရဲ့ နောက်ဆက်တွဲ

ခဲတူးဖော်ခြင်းရဲ့ နောက်ဆက်တွဲ
by -
ဒေလီထက်

နှစ်တွေ လတွေ ကြာလာခဲ့ပါပြီ။ မော်ချီးမြို့နယ်အပြင် ဖာဆောင်းမြို့နယ် ခီးလဲခီးကျေးရွာအထိ ခဲတွေကို အခုအချိန်ထိ တူးဖော်၊ ရောင်းချနေကြဆဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ကြာမြင့်စွာ ခဲတွေကို တူးဖော်လုပ်ကိုင်နေ ...

နှစ်တွေ လတွေ ကြာလာခဲ့ပါပြီ။ မော်ချီးမြို့နယ်အပြင် ဖာဆောင်းမြို့နယ် ခီးလဲခီးကျေးရွာအထိ ခဲတွေကို အခုအချိန်ထိ တူးဖော်၊ ရောင်းချနေကြဆဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ကြာမြင့်စွာ ခဲတွေကို တူးဖော်လုပ်ကိုင်နေကြပေမယ့် ခဲကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်ခြင်း မရှိကြပါဘူး။

မော်ချီး သတ္တုတွင်း၌ ခဲတူးနေသော အမျိုးသားများခဲငွေ့၊ ယမ်းငွေ့တွေနဲ့ မြေပြိုမှုကြောင့် အများအားဖြင့် အမျိုးသားတွေ သေဆုံးခဲ့ရပြီး အခုချိန်မှာဆိုရင် မော်ချီးဒေသမှာ အများအားဖြင့် မုဆိုးမတွေသာ ကျန်ရှိတော့တယ်လို့ လိုခါးလို ကျေးရွာဒေသခံ တယောက်က ပြောပါတယ်။

“အများဖြင့် ယောက်ျားတွေဆို စက်ဖောက်တဲ့သူ များတယ်လေ။ နောက်ရောဂါ ဖြစ်လာပြီး သေသွားတာ အများကြီး ရှိတယ်။ နောက်ပိုင်းမှာ ကျနော် ရွာကဆို မုဆိုးမပဲ ကျန်တော့တယ်”

ဆက်လက်ပြီး သူက “မြေပြိုတဲ့ အချိန် ပိတ်မိလို့ သေသွားတာ အများကြီး ရှိတယ်။ ဒါပေမယ့် စာရင်းက မရှိဘူးပေါ့”

အများအားဖြင့် ကရင်နီပြည်ရဲ့ ကျေးလက်တောရွာတွင် သန်ခေါင်စာရင်းက မရှိကြသူ များပြားတယ်လို့လည်း ပြောပါတယ်။

ခဲတူးဖော်ရေး လုပ်ကိုင်လာတဲ့ နှစ်တွေနဲ့ ကြည့်မယ်ဆိုရင် အခုလို မုဆိုးမတွေသာ များနေတာဟာ မှန်ကန်တယ်လို့ ကရင်နီတပ်မတော်တပ်ရင်း ၁ မှ ရဲဘော် တစ်ယောက်က ပြောပါတယ်။

“ဒါက အခြေအနေရဆိုတော့ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီထဲမှာ မြေပြိုတာ သေတာ များတာ၊ များသောအားဖြင့် အမျိုးသားတွေလေ။ ခဲလုပ်ငန်းတွေ လုပ်ကြတယ်ဆိုတော့ အများအားဖြင့် အမျိုးသားတွေက လုပ်တာ။ ပြီးတော့ ခဲလုပ်ရင်းနဲ့ အဆုတ်ရောဂါတို့ ဘာတို့ ရတာ ဒါတွေကလဲ အမျိုးသားတွေ ပိုများတယ်”

ခဲများကို ဆေးကြောနေသော မော်ချီးမှ ဒေသခံ အမျိုးသမီးတဦးပထမအဆင့် အနေနဲ့ တွင်းနက်ထဲကို ဝင်ရောက်ပြီး ခဲတွေကို တူးဖော်တာနဲ့ ဒုတိယအဆင့် တွင်းထဲမှ ခဲတွေကို တွန်းလှည်းနဲ့ အပြင် ထုတ်ပြီး ထုခြေတာကို အဓိက အမျိုးသားတွေ လုပ်ကိုင်လေ့ရှိပြီး အမျိုးသမီးတွေကတော့ တတိယအဆင့် ဆိုတဲ့ ခဲတွေကို ရေနဲ့ ပြန်စစ်ခြင်း စတာတွေကို ပြုလုပ်လေ့ ရှိတာကြောင့် ရောဂါ ဖြစ်ပွားနှုန်း ပိုနည်းတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြောရမယ် ဆိုရင် ခဲအလုပ်သမားတွေအတွက်က တွင်းထဲကို ဝင်တဲ့ အချိန်မှာ ခဲငွေ့တွေ၊ ယမ်းငွေ့တွေ ရှူမိလို့ အဆုတ် ပြဿနာတွေအပြင် အမြင့်ဆုံး တီဘီရောဂါထိ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ခဲဆေးတဲ့ ဓါတုရည်ကိုလည်း သောက်သုံးမိပြီဆိုရင် ပြဿနာ အများကြီး ဖြစ်နိုင်တယ်လို့ ကရင်နီ နယ်လှည့်ကျန်းမာရေးအဖွဲ့ တာဝန်ခံ ခူးဒယ်နီယာက ပြောပါတယ်။

“ကိုယ်က ခဲရေကို သောက်မိတယ်၊ စားသုံးမိတယ်ဆိုရင် အဆိပ်သင့်တွေ အများကြီး ရှိတယ်လေ။ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တယ်၊ အစာအိမ်ရောဂါ၊ သွေးအဆိပ်တောက်တွေ ဖြစ်နိုင်တယ်၊ အမျိုးမျိုးပဲ”

ပထမဆုံး ဖြစ်တဲ့ ရိုးရိုး အဆုတ်ရောဂါက ၂ ပတ်ဝန်းကျင်လောက်မှ ဖြစ်လာနိုင်တဲ့အပြင် အဲဒီနောက်ပိုင်း တီဘီရောဂါ ဖြစ်လာတာကတော့ တစ်လကျော်လောက် ကြာပြီး ခဲအဆိပ်သင့်တဲ့ ရောဂါကတော့ တစ်နှစ်၊ ၂ နှစ် ကြာမှ ရောဂါ ဖြစ်ပေါ်လာတတ်တယ်လို့လည်း ခူးဒယ်နီယာက ဆက်လက်ရှင်းပြသွားပါတယ်။

“တနှစ်မှာ တီဘီ ဖြစ်တဲ့ လူက ၂ဝ လောက်တော့ မအောက်ဘူး။  နောက်ပြီးမှ အဲဒီသေဆုံးတာက အဲလောက် ရှိနေတာပေါ့”

မုဆိုးမတွေဟာ အရင်တုန်းက သူ့တို့ အမျိုးသား ရှိနေတဲ့ အချိန်ဆိုရင် အိမ်တွင်း လုပ်ငန်းတွေပဲ အဓိက ထားလုပ်နေကြရပေမယ့် သူတို့ အမျိုးသား ဆုံးသွားတဲ့ နောက်ပိုင်းမှာတော့ သားသမီးတွေကို လုပ်ကျွေးနိုင်ဖို့ ခဲလုပ်ငန်းကို ကိုယ်တိုင် ပြန်ဝင်လုပ်ကိုင်နေကြပါရတယ်။

မော်ချီးမြို့ရွာသူ၊သားတွေရဲ့ အဓိက အသက်မွေးဝမ်းကျောင်းဟာ ခဲတူးဖော်ရောင်းချခြင်း ဖြစ်ပါတယ်။ အခုလက်ရှိ ပေါက်စျေး တပိဿမှာ ၈ဝဝဝ ကျပ်ဖြင့် ခဲကျင်းပေါင်း ၁၅ဝ ကျော်လောက် ထွက်ရှိတဲ့ ခဲတွေကို အစိုးရထံ စျေးနှုန်း ချိုသာစွာ ပြန်လည်တင်သွင်းနေရပါတယ်။

ခဲတူးဖော်ခြင်းဟာ ကျန်မာရေးကို ထိခိုက်နိုင်တာကို တချို့သော ခဲလုပ်သမားတွေက သိရှိနေကြပေမယ့် စားဝတ်နေရေးအတွက် လုပ်ကိုင်နေရတာ ဖြစ်တယ်လို့ ပြောကြပါတယ်။