ဂီရိလေဘေးသင့် ဒေသမှ ကလေးများကို စစ်သားအဖြစ် စုဆောင်းနေ

ဂီရိလေဘေးသင့် ဒေသမှ ကလေးများကို စစ်သားအဖြစ် စုဆောင်းနေ
by -
နိရဥ္စရာသတင်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဂီရိလဘေးသင့် ဒေသများမှ အသက်အရွယ် မပြည့်သူ ကလေးငယ်များကို စစ်သား အဖြစ် စုဆောင်းနေကြောင်း သတင်း ရရှိ ...

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဂီရိလဘေးသင့် ဒေသများမှ အသက်အရွယ် မပြည့်သူ ကလေးငယ်များကို စစ်သား အဖြစ် စုဆောင်းနေကြောင်း သတင်း ရရှိသည်။

Burmese-soldier-by-Apလေဘေးသင့် ဒေသများတွင် စားဝတ်နေရေး အဆင်မပြေမူကြောင့် စစ်သားများ စုဆောင်းရ အထူး လွယ်ကူနေရာ ထိုအထဲတွင် အသက်မပြည့်သူ ကလေးငယ်များကိုလည်း စုဆောင်းနေကြောင်း ကျေးရွာသားများနှင့် လေဘေး ကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။

“အခု သူတို့ စုဆောင်းနေတာက မြေပုံမြို့ကနေ မိုင် ၅၀ အကွာမှာ ရှိတဲ့ ရက်ချောင်းအုပ်စု၊ ရေချိန် ကျေးရွာ အုပ်စု၊ မိုးသီးနတ်တောင် အုပ်စုတွေမှာ ကလေးငယ်တွေကို စစ်သား အဖြစ် စစ်တပ်က စုဆောင်းနေပါတယ်။ စကခ ၅ က ဗိုလ်သူကြီး အောင်သူငြိမ်းက စုဆောင်းနေတာ ဖြစ်ပါတယ်” ဟု လေဘေး ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။

ဒီဇင်္ဘာလ ၁၆ ရက်နေ့က မြေပုံမြို့နယ် ရက်ချောင်းရွာ၊ ကယုချောင်း ကျေးရွာ အုပ်စုမှ ဦးလှမောင်၏သား မောင်ခင်ဇော် (ခ) ဖိုးမောင်ချေ (၁၇ နှစ်) အား တိုင်းဗဟို လေ့ကျင့်ရေး ၉ သို့ ခေါ်ဆောင်သွားပြီး အဝါကျွန်းစု ကျေးရွာမှ ဦးဝေကျန်အောင်သား မင်းနိုင် (၁၆ နှစ်)ကိုလည်း စစ်တပ်ထဲသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

မြေပုံမြို့နယ် ၀ါးခုတ်ချောင်း ဘုန်းတော်ကြီး ပညာသင်ကျောင်းမှ အသက် ၁၆ နှစ် အရွယ် ကလေးငယ် တစ်ဦးအား စစ်တပ်ထဲသို့ ဆွဲခေါ်သွားပြီး ပသုံကျေးရွာမှ အသက် ၁၆ နှစ်သာ ရှိသေးသော ဦးကျော်သိန်းချေ၏ သားလတ် မောင်စိုးစိုးကိုအား တပ်ကြပ် စိုးလှမှ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ အခု ကျနော်တို့ သိရသလောက် အဲဒီအုပ်စုတွေမှာ လူငယ် ၃၀ ခန့်ကို စစ်သား အဖြစ် စုဆောင်းလို့ ရသွားတယ်လို့ သိရပါတယ်။ သူတို့ကို ကားနဲ့ တိုင်းဗဟိုလေ့ကျင့်ရေး ၉ ကိုခေါ်သွားတယ်လို့ သိရတယ်။ အများစုက အသက် မပြည့်တဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ပြောကြပါတယ်။ မိသားစုတွေကလည်း သဘော မတူကြဘူးလို့ ဆိုပါတယ်။ နောက်ဆုံးသတင်းရတာက တိုင်းဗဟို ၉ မှာတောင် မထားဘဲ အခု ကလေးတွေကို အနောက်ပိုင်း စစ်ဌာနချုပ်ကို ယူသွားတယ်လို့ ကြားရပါတယ်” ဟု သူက ဆက်ပြောသည်။

အမည်မဖေါ်လိုသူ ဦးဇင်း တစ်ပါးကလည်း “ သူက ဗုဒ္ဓဘာသာဆိုပေမယ့် နေ့တိုင်း အရက်သောက်ကြတယ်။ အချင်းချင်း ရန်ဖြစ်ကြတယ်။ လာရင် ကျောင်းမှာ တည်းခိုတယ်။ ကျောင်းဝင်းထဲမှာ ခလေးတွေကို သေနတ်တွေ ပစ်ပြတယ်။ တချို့ဆိုရင် သေနတ်တွေ ပေးကိုင်ခိုင်းတယ်။ စစ်တပ်ထဲကို ၀င်ချင်လာအောင် စည်းရုံးတာပေါ့။ စစ်သားတွေနဲ့ နေရတော့ အစားအသောက်ကလည်း မငတ်၊ သုံးရ စားရတယ်ဆိုတော့ နောက်ဆုံးတော့ တပ်ထဲ ပါသွားတော့တာပါဘဲ တကာကြီး” ဟု ပြောသည်။

မိဖများမှာ သားသမီးများကို စစ်တပ်ထဲသို့ မဝင်ရန် တားမြစ်ချင်ကြသော်လည်း မတားမြစ်ရဲကြကြောင်း၊ အများစုမှာ ကျေးလက်နေ တောသူ တောင်သားများ ဖြစ်ကြပြီး ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသဖြင့် စစ်သားများကို စကားပင် မပြောရဲကြကြောင်း၊ တချို့ ကလေးငယ်များမှာ ရှင်မပြုရဘဲ စစ်တပ်ထဲသို့ ၀င်ရောက်သွားကြကြောင်း အဆိုပါ ဦးဇင်းမှ ပြောသည်။

မုန်တိုင်းသင့် ဒေသများတွင် မုန်တိုင်းပြီးနောက် ပြည်သူများ စားဝတ်နေရေး အဆင်မပြေကြသဖြင့် ကလေးငယ်များကို စစ်သားစုဆောင်းရသည်မှာ အလွန်လွယ်ကူနေပြီး စစ်သားစုဆောင်းရေး တပ်မှ စစ်သားများမှာ တရွာဝင် တရွာထွက် လှည့်လည် သွားလာနေကြသည်ဟု သိရသည်။

မြေပုံမြို့နယ်မှ မုန်တိုင်းသင့် ဒေသများတွင် စစ်တပ်များကို ဖြန့်ကျက်ချထားပြီး အဆိုပါ စစ်သားများက ကျေးရွာများမှ လူငယ်များကို စည်းရုံးကာ စစ်တပ်ထဲ အတင်း ၀င်ခိုင်းနေခြင်း ဖြစ်သည်။

Most read this week