ပထမဆုံး လွှတ်တော်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ထိပ်ပိုင်း ခေါင်းဆောင်းများ သီးသန့်ပါဝင်သော အစည်းအဝေးတရပ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီက လာမည့် သီတင်းပတ်အတွင်း ပြုလုပ်မည် ...
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပထမဆုံး လွှတ်တော်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ထိပ်ပိုင်း ခေါင်းဆောင်းများ သီးသန့်ပါဝင်သော အစည်းအဝေးတရပ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီက လာမည့် သီတင်းပတ်အတွင်း ပြုလုပ်မည်ဟု ပါတီတွင်း သတင်းရင်းမြစ်များက ပြောသည်။
ကြံ့ဖွံ့ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့တို့ချည်း ပါဝင်သော အစည်းအဝေးကို ဇန်နဝါရီ ၂ ရက်နေ့မှ နှစ်ရက်ကြာ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် ကြံ့ဖွံ့က တင်ပြ ဆွေးနွေးမည့် အကြောင်းအရာများ အတွက် ကြိုတင်ပြင်ဆင်မှုဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ အစည်းအဝေးမှ အစိုးရသစ်အောက်တွင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးအဆင့် ရာထူးရလာမည့်သူများ ရွေးထုတ်လိမ့်မည်ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပါဝင်သော ပြည်ထောင်စု လွှတ်တော်ကို ဇန်နဝါရီလလယ်တွင် ခေါ်ယူလိမ့်မည်ဟု နေပြည်တော်ရှိ စစ်အစိုးရ သတင်းရပ်ကွက်များက ပြောသည်။
ဒီဇင်ဘာ ၂၁ ရက်နေ့နှင့် ၂၂ နေ့များကလည်း နိုင်ငံတဝန်းရှိ ကြံ့ဖွံ့၏ အနိုင်ရ ကိုယ်စားလှယ်များကို ပယမဆုံး အကြိမ်အဖြစ် ခေါ်ယူ၍ ပါတီကို ပိုမို ကျစ်လစ်ခိုင်မာရန်နှင့် လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ရှေ့ဆက် လုပ်ဆောင်သွားကြရမည့် လုပ်ငန်းစဉ်များကို အသင်းဥက္ကဌ ဝန်ကြီးချုပ် ဦးသိန်းစိန် နှင့် အတွင်းရေးမှူး စိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး တို့က ဆွေးနွေးခဲ့ကြောင်း အစည်းအဝေးကို တက်ရောက်ခဲ့သူတဦး ဖြစ်သော ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြောသည်။
ကြံ့ဖွံ့အနေဖြင့် လုပ်ထားလက်စဖြင့် ပစ်ထားသော လမ်းများ ၊ အဆောက်အဦးများ၊ ရေနှင့် လျှပ်စစ်မီးပေးရေး လုပ်ငန်းများ ပါတီနာမည်မပျက်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ ဥက္ကဌ မှ ညွန်ကြားခဲ့သည်ဟု သူက ပြောသည်။
ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ ရ၆.၅ ရာခိုင်နှုန်းဖြင့် ကြ့ံဖွံ့့က အနိုင်ရသွားသည်။
ပြိုင်ဘက်ပါတီများနှင့် နိုင်ငံရေး အကဲခတ်များ၊ အတိုက်အခံများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေသော ရွေးကောက်ပွဲတွင်း ကြံ့ဖွံ့၏ မဲမသမာမှုများနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ အလေးမထားကြောင်း တိုင်းအဆင့် ပါတီခေါင်းဆောင်တဦးက ပြောသည်။
“ကျနော်တို့ပါတီကို မလိုလားတဲ့လူတွေ မကြိုက်မနှစ်သက်တဲ့ လူတွေကတော့ ပြောမှာပေါ့ဗျာ။ ကျနော်တို့လည်း ကြားနေ၊ ကြံုနေရတာပဲ။ ဒါတွေကို ကျနော်တို့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဒီအစည်းအဝေးတွေကနေ ဆုံးဖြတ်ချက်ကျတဲ့အတိုင်း ဆက်တိုက် လုပ်ဆောင်သွားမှာပါ”ဟု သူက မဇ္စျိမကို ပြောသည်။
ဇေကမ္ဘာဦးခင်ရွှေကတော့ နောက်တက်လာမည့် အစိုးရသည် ပိုမိုကောင်းမွန် လာလိမ့်မည်ဟု ပြောသည်။
“အရင်ကတော့ တပ်မတော် အစိုးရဆိုတော့ တမိန့် တအာဏာနဲ့ သွားကြတာကိုး။ အခုဟာကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဖွဲ့စည်းပုံမှာလည်းပါပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ စီမံခန့်ခွဲ့ရေး အာဏာ၊ တရားစီရင်ရေး အာဏာ ဒီအာဏာသုံးရပ်နဲ့ အုပ်ချုပ်သွားမှာ” ဟု ဇေကမ္ဘာ ဦးခင်ရွှေက မဇ္စျိမကို ပြောသည်။
လက်ရှိစစ်အစိုးရက ကျောထောက် နောက်ခံပေးထားသော အရပ်ဝတ်လဲ ဗိုလ်ချုပ်များ ဦးဆောင်သော ကြံ့ဖွံ့အနေဖြင့် ဥပဒေဘောင်ကို ကျော်လွှားနိုင်စွမ်းရှိသည်ဟု ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် - SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
“ကြံ့ဖွံ့ပါတီက လက်ရှိ အာဏာရ အစိုးရရဲ့ ပါတီလည်းဖြစ်သလို လုပ်ပိုင်ခွင့်တွေအရ ဥပဒေပိုင်းနဲ့ ညှိစွန်းတာတွေ မလုပ်သင့်တာတွေကို လုပ်မိသလို၊ လုပ်ခွင့်ရအောင်လည်း ဥပဒေ ဘောင်ကို ကျော်ပြီးတော့လည်း လုပ်သွားနိုင်တာပေါ့ဗျာ” ဟု ဦးစိုင်းလိတ်က ပြောသည်။
ကြံဖွံ့ ပါတီသည် ၁၉၉၃ ခုနှစ်မှ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ဖြင့် စစ်အစိုးရက ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ်သို့ ပြောင်းလဲခဲ့သည်။
၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များကို ဒီပဲယင်းအရပ်၌ အသေအပျောက်များသည့် လုပ်ကြံမှုကြီးတွင် အဓိက လက်သည် ဖြစ်ခဲ့သည်။ အတိုက်အခံများ အဆိုအရ စစ်တပ်၏ ကွပ်ကဲမှုဖြင့် စနစ်တကျ စီစဉ် သတ်ဖြတ်မှုကြောင့် လူ ရ၀ အထိ သေဆုံးခဲ့သည်ဟု ဆိုသည်။ စစ်အစိုးရကတော့ နှစ်ဘက်အချင်းများရာက လူ ၄ ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။