ဒေါ်စု၏ ဒုတိယပင်လုံ ရည်မှန်းချက် မပီပြင်သေးဟု သျှမ်းပြည် ခေါင်းဆောင်အချို့ပြောဆို

ဒေါ်စု၏ ဒုတိယပင်လုံ ရည်မှန်းချက် မပီပြင်သေးဟု သျှမ်းပြည် ခေါင်းဆောင်အချို့ပြောဆို
by -
သျှမ်းသံတော်ဆင့်

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနယ်စပ် တနေရာတွင် ကျင်းပသော သျှမ်းပြည်ကွန်ဂရက် EC အစည်းအဝေး၌ တိုင်းရင်းသား ခေါင်းဆောင်အချို့က ဒေါ်အောင်ဆန်းစုကြည် ပြောသော ၂၁ ရာစု (ဒုတိယ) ပင်လုံညီလာခံ ...

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနယ်စပ်တနေရာတွင်ကျင်းပသော သျှမ်းပြည်ကွန်ဂရက် EC အစည်းအဝေး၌ တိုင်းရင်းသား ခေါင်းဆောင်အချို့က ဒေါ်အောင်ဆန်းစုကြည်ပြောသော ၂၁ ရာစု (ဒုတိယ) ပင်လုံညီလာခံ၏ နိုင်ငံရေး ရည်မှန်းချက် အတိအကျ မသိရသေးသဖြင့် ပါဝင် ထောက်ခံသင့် မသင့် ဆွေးနွေးခဲ့ကြကြောင်း တက်ရောက်သူတဦးက  ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် ( ဓါတ်ပုံ- Eye Press)“ပအိုဝ်းခေါင်းဆောင် ခွန်ဥက္ကာ၊ ပလောင်အမျိုးသား ခေါင်းဆောင် မိုင်အိုက်ဖုန်း၊ လားဟူ အမျိုးသားခေါင်းဆောင် ဂျဖိုးလုံနဲ့ သျှမ်း ထဲက စဝ်လောင်ဆိုင်တို့ တက်ရောက် ကြတယ်။ ဒေါ်စုရဲ့ ဒုတိယပင်လုံ ရည်မှန်းချက် တိတိကျကျ မသိရသေးတော့ ကောင်းကောင်း လေ့လာသုံးသပ်ဖို့ လိုအပ်တယ်ဆိုတာတွေ ဆွေးနွေးကြတယ်” ဟု အမည်မဖော်လိုသည့် တက်ရောက်သူ အမျိုးသားတဦးက ပြောသည်။               

ဥပဒေပညာရှင် ပအိုဝ်းအမျိုးသား ခေါင်းဆောင် ခွန်ဥက္ကာက  ပထမပင်လုံတွင် သီးခြား ကိုယ့်နယ်မြေ ကိုယ့်အုပ်ချုပ်ရေး နှင့် ကိုယ် ဖြစ်နေခဲ့သော တောင်တန်းဒေသမှ ချင်း၊ ကချင်၊ သျှမ်း နှင့် ထိုစဉ်က မွန်၊ ရခိုင်၊ ကရင် အပါအဝင် ဗမာပြည် ယာယီအစိုးရကို ကိုယ်စားပြုသော ဗိုလ်ချုပ်အောင်ဆန်းတို့ ပါဝင် လက်မှတ်ရေးထိုးကြသည့် ၁၉၄၇ ပင်လုံညီလာခံ ဖြစ်၏။ တိုင်းရင်းသားများ အကြား ဆွေးနွေးပွဲမဟုတ်၊ သီးခြားနယ်မြေ ပြည်ထောင်များအကြား ပြုလုပ် သည့် ညီလာခံဖြစ်၏။ တက်ရောက်သူခေါင်းဆောင် ကိုယ်စား လှယ်များ၌ အာဏာအပ်နှင်းခံရမှု Mandate ရှိသဖြင့် တရားဝင် ညီလာခံနှင့် တရားဝင် သဘောတူညီ ဆုံးဖြတ်ချက်များ လည်း တရားဥပဒေနှင့်အညီ Legitimate ဖြစ်ခဲ့သည်။ ယခုပြောဆိုသည့် ဒုတိယပင်လုံညီလာခံကို လက်တွေ့အကောင်ဖေါ် ရာတွင် ကိုယ်စားပြုမှု တရားဝင်လုပ်ပိုင်ခွင့် Mandate ရပုဂ္ဂိုလ်များရှိနိုင်မည်လော၊ Legitimacy ရှိရန် မည်သို့လုပ်ဆောင်မည်နည်း စသည့်အချက်များထည့်ဝင် စဉ်းစားသင့်ကြောင်း -  ဆွေးနွေးကြသည်ဟုဆို၏။        

ဒေါ်အောင်ဆန်းစုကြည်ပြောသည့်  ၂၁ ရာစု ပင်လုံမှာ နိုဝင်ဘာ ရ ရက်ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသည့် လွှတ်တော်သစ်နှင့် ယှဉ်ပြိုင်ဖို့ မဟုတ်ဟု ဆိုပြန်သဖြင့် ၄င်း၏ လက်ရှိဦးတည်ချက်အပေါ် အချက် ၃ ချက်ဖြင့် ခန့်မှန်းနိုင်ကြောင်း ခွန်ဥက္ကာက ထောက်ပြသည်။

“ပထမပင်လုံညီလာခံမှာတော့ ရည်မှန်းချက်က ၂ ချက် ။ (၁) အင်္ဂလိပ်လက်အောက်ကနေ လွတ်မြောက်ဖို့၊ (၂) ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ ဖြစ်တယ်။ အခု ဒုတိယပင်လုံကျတော့ ခုချိန်ထိရည်မှန်းချက်မပီပြင်သေး တာတွေ့ရတယ်။ ဒါပေမယ့်  အချက် ၃ ချက်ခန့်မှန်းလို့ရတယ်။ (၁) ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဆီက သဘောထား တွေတုန့်ပြန်လာမှာကိုကောက်ယူစုဆောင်းဖို့။ (၂) ကာလကြာမြင့်စွာနားလည်မှုကွဲ စိတ်ဝမ်းကွဲနေကြတဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတွေအကြားအမျိုးသားရင်ကြားစေ့ရေး လုပ်နိုင်အောင် ဒိုင်ယာလော့ခ်တခုဖြစ်လာဖို့။(၃) တိုင်းရင်းသားတိုင်းရဲ့  တန်းတူရေး နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ဆီဦးတည်ဖို့ မထုတ်ဖော်နိုင်သေးတဲ့ ဝှက်ဖဲတချပ်ရှိသေးလားဆိုတာ မျှော်လင့်စရာပေါ့” - ဟု သုံးသပ်ပြသည်။    

မည်သို့ပင်ဆိုစေ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှှိသည့် ပြည်ထောင်စုမျိုးတည်ဆောက်လိုသောဆန္ဒရှှိသူ ဒေါ်အောင်ဆန်းစု ကြည် အား မိမိတို့အနေဖြင့် အမြဲတမ်းထောက်ခံကြောင်း ခွန်ဥက္ကာကဆက်ပြောသည်။

“တဖက်တလမ်းကလည်း ပထမပင်လုံညီလာခံဆုံးဖြတ်ချက်က အကောင်အထည်မဖော်နိုင်လို့ ဒုတိယပင်လုံနဲ့ အကောင်အထည် ဖော်ဖို့ ဒေါ်စုကြိုးစားချင်နေတာဖြစ်ကောင်းဖြစ်မယ်လို့လဲ ဆွေးနွေးပွဲတက်တဲ့တခြား ခေါင်းဆောင်တွေ သုံးသပ်ကြတယ်”- ဟု ပြောသည်။

ဒုတိယပင်လုံညီလာခံနှင့်ပါတ်သက်၍ -  အိုင်တီနည်းပညာထွန်းကားသည့် ယနေ့ခေတ်တွင်ပြည်တွင်းပြည်ပအဖွဲ့ အစည်းများ၊ ခေါင်းဆောင်များ ဆက်သွယ်ပူးပေါင်း/အမြင်ဖလှယ် ဆန္ဒပေးလာကြမည်ဆိုပါစို့။အာဏာအပ်နှင်းခြင်း ခံရသူ  Mandate ရ တရား ဝင် ကိုယ်စားလှယ်များပါဝင်နိုင်ပြီး တရားဥပဒေနှင့်အညီ Legitimate ဖြစ်သည့် သဘောတူညီဆုံးဖြတ်ချက်များ ချမှတ်နိုင်မည် လော ဟူသည့် အချက်များအပေါ် အဓိကစဉ်းစားရမည်ဖြစ်ကြောင်း ခေါင်းဆောင်များဆွေးနွေးခဲ့ကြသည်။

Most read this week