အပစ်ရပ် သျှမ်းတပ်ဖွဲ့ နယ်မြေသို့ နအဖတပ် အင်အားထပ်ဖြည့်

အပစ်ရပ် သျှမ်းတပ်ဖွဲ့ နယ်မြေသို့ နအဖတပ် အင်အားထပ်ဖြည့်
by -
သျှမ်းသံတော်ဆင့်

ယမန်နေ့က သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်မဟာ ၁ နယ်ဘက်သို့ နအဖစစ်တပ် ၅ ရင်း ခန့်အင်အား တိုးချဲ့ဖြည့်ထားကြောင်း တရုတ်နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။ ...

ယမန်နေ့က သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်မဟာ ၁ နယ်ဘက်သို့ နအဖစစ်တပ် ၅ ရင်း ခန့်အင်အား တိုးချဲ့ဖြည့်ထားကြောင်း တရုတ်နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

“မိုင်းရယ်က ခမရ ၃၂၅၊ ဟိုယက ခလရ ၆၇၊ နောင်တော် (နမ္မတူ) က ခလရ  ၁၄၇၊ သီပေါက ခလရ ၂၃ နဲ့ ဆိုင်းခေါင် (တန့်ယန်း) က ခလရ ၂၂ လက်အောက်ခံတပ်ခွဲတွေပေါ့၊ တခြားဒေသမှာ သွားလှုပ်ရှားနေတဲ့တပ်ခွဲတွေ ဒီဘက်ကို ပို့လိုက်တဲ့သဘော၊ အင်အားက စုစုပေါင်း ၃၀၀ ကျော််ရှိမယ်လို့ခန့်မှန်းရတာဘဲ” - ဟု တပ်မဟာ ၁ မိသားစုဝင်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တပ်မဟာ ၁ ၏ စစ်ဒေသအမှတ် ၁ နယ်မြေ သီပေါ - မိုင်းရယ် နှင့် ကျေးသီးဘက်သို့ပြန်ဆင်းလာ ခြင်းဖြစ်ပြီး ဝမ့်ဟိုင်းနှင့်စိန်ကျော့ကြား တိုးချဲ့နေရာယူလာသည်ကို ၂၂ ရက်ညမှ စတွေ့ခြင်းဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်ကပြော၏။  

“မိုင်းရယ်အနောက်ဘက် ရ - ၈ မိုင်လောက်ဝေးတဲ့ မိုင်းရယ် - ဆိုင်ကျော့ကြား၊ ၀မ့်ဟိုင်းဆိုင်ကျော့ကြားနယ်မြေအထိ ဝင်လာတာ။ တပ်မဟာ ၁ ဘက်ကလဲ ပိုပြီးသတိထားရတယ်။ အသင့်ပြင်ဆင်ထားရတယ်။သူတို့ဘယ်ဖက်ထပ်ထိုး ဖောက်ဦးမလဲ။ ဘယ်လို ထပ်လှုပ် ရှားမလဲ စောင့်ကြည့်ရဦးမှာပေါ့” - ဟု ၎င်းက ပြောပြသည်။

သို့သော် ယခုလ ၁၈ ရက် သျှမ်းပြည်တပ်မတော် (တပ်မဟာ ၁ ) ၏ ဝမ့်ဆော့တိုက်နယ် အနောက်ဘက် ၃ မိုင်ခန့် အကွာ ဝမ့်လွေရွာ ကွန်ကျိုင်း SSA တပ်စခန်းအား နအဖ စစ်တပ် ဝင်ရောက်တိုက်ခိုက်စဉ် ဝမ့်ဟိုင်းမှ SSA တပ် အင်အားများထပ်ဖြည့်၍ တိုက်ပွဲအပြင် ဘက်မှ ၀န်းရံလိုက်ပြီး ၁၉ ရက်ညနေပိုင်းမှ ထွက်ပေါက်ပေးခဲ့၏။ နအဖတပ် ထပ်မံကျူးကျော်ဝင်ရောက်လာပါက အချိန်မရွေး ပစ်ခတ်ရန် ထိုစဉ်က အမိန့်ထုတ်ထားခဲ့သည််။

အလားတူ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်လည်း တရုတ်နယ်စပ်မူစယ်မှ စစ်လက်နက်တင် ၁၀ ဘီးကားကြီး ၂ စီး လားရှိုးသို့ ဆင်းသွား ရာ ကွတ်ခိုင်မြို့အဝင် ၁၃ မိုင်အကွာ၌ ကားပျက်လမ်းပိတ်နေသည်ကိုမွန်းတည့်ချိန်တွေ့ရ ကြောင်းမူစယ်မှလာသော ခရီးသည်တဦးက ပြောပြသည်။

“ဘီအီး ၁၀ ဘီးကား ကြီး ၂ စီး မူစယ်က ချောဆွဲလာတာ။ ကားကြီးက လေးလွန်းလို့ ကွတ်ခိုင် မဝင်ခင်မှာ ပျက်နေတယ်။ လုံခြုံရေးယူ ပေးတဲ့စစ်သား ၂၀ ကျော်ဟာ ဟိုင်းလက်ကား ၂ စီးနဲ့ ၁၀ ဘီးကားကြီးရဲ့အရှေ့မှာရော  အနောက်မှာရောဘဲ။ ဆိုတော့ အတန်းလိုက်ကြီး လမ်းပိတ်နေတာ။ တရုတ်ဆီက လက်နက်ကြီးတွေရလာတယ်လို့ စပယ်ယာတယောက်ကပြောတယ်။ မူစယ် လားရှိုးလမ်းတလျှောက် တချို့အကွေ့တွေမှာ လုံခြံုရေးချထားတယ် ” ဟု အဆိုပါခရီးသည်က ပြောပြသည်။

Most read this week