ရမ်းဗြဲကျွန်းမှ လယ်ယာမြေများ လယ်သမားများ လက်လွတ် ဆုံးရှုံးနေ

ရမ်းဗြဲကျွန်းမှ လယ်ယာမြေများ လယ်သမားများ လက်လွတ် ဆုံးရှုံးနေ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် အတွင်းရှိ ရမ်းဗြဲကျွန်း ပတ်ပတ်လည်တွင် တည်ရှိသော ကျွန်းငယ်များနှင့် ကျေးရွာများမှ လယ်မြေများကို ဂတ်စ်နှင့် ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံ လယ်သမားများက လက်လွှတ် ဆုံးရှံုး ...

ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် အတွင်းရှိ ရမ်းဗြဲကျွန်း ပတ်ပတ်လည်တွင် တည်ရှိသော ကျွန်းငယ်များနှင့် ကျေးရွာများမှ လယ်မြေများကို ဂတ်စ်နှင့် ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံ လယ်သမားများက လက်လွှတ် ဆုံးရှံုး နေကြရကြောင်း လယ်သမားများက ပြောသည်။

မဒေးကျွန်းမှ တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းကျောက်ဖြူ အနောက်ဘက် ၈ မိုင်ခန့်တွင်ရှိသည့် မဒေးကျွန်း၌ နိုင်ငံတကာ အဆင့်မီ ရေနံတင် ဆိပ်ကမ်း တစ်ခုကို ဆောက်လုပ်နေပြီး အဆိုပါ ဆိပ်ကမ်း အတွက် လိုအပ်သော မြေများကို နိုင်ငံခြား ကုမ္ပဏီများက ဒေသခံ အာဏာပိုင်များနှင့် ပူပေါင်းကာ မရောင်းမနေရ ၀ယ်ယူနေသဖြင့် လယ်သမားများ အနေဖြင့် လယ်မြေများ ဆုံးရှံုးနေကြရခြင်း ဖြစ်သည်။

အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက “ ဘိုးဘွားပိုင် ကိုယ့်လယ်မြေကို ဘယ်လောက်စျေးဘဲရရ ဘယ်သူမှ မရောင်းချင်ကြပါဘူး။ မရောင်းရင် မရဆိုတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် ရောင်းရတာပါဘဲ။ အခု လယ်သမားတွေ ကျွန်တော်တို့ မဒေးကျွန်းပေါ်မှာ တော်တော်များများ လယ်မြေတွေ မရှိကြတော့ပါဘူး” ဟု ပြောသည်။

မဒေးကျွန်းပေါ်တွင် ဒေဝူးကုမ္ပဏီနှင့် တရုတ် အင်ဂျင်နီယာများမှ ရေနက်ဆိပ်ကမ်းနှင့် ဂတ်စ်ပိုက်လိုင်းကို တည်ဆောက်နေပြီး ဒေသခံပြည်သူများ အနေဖြင့် လယ်ဧက ၁၀၀ နီးပါးခန့် ဆုံးရှံုးခဲ့ရပြီး ဖြစ်သည်။

“နိုင်ငံခြားကုမ္ပဏီတွေကက တဧကကို လက်ရှိ ပေါက်စျေးအတိုင်း ကျပ် ၈ သိန်းပေးပေမယ့် သက်ဆိုင်ရာ စစ်တပ်တို့ ရယကတွေက တခါ ကြားကဖြတ်ယူတဲ့ အတွက် တဝက်လောက်ဘဲ ရပါတယ်။ သူတို့ကို မပေးရင် အမျိုးမျိုး အကြောင်းပြပြီး အနိုင်ကျင့်မှာကို စိုးတဲ့ အတွက် သူတို့ပေးတဲ့ အတိုင်း ယူနေကြရပါတယ်” ဟု သူက ဆက်ပြောသည်။

၎င်းပြင် ကျောက်ဖြူမြို့မှ ၅ မိုင်အကွာ ဂုံးချိန် ကျေးရွာနှင့် ရ မိုင်အကွာ မရကျွန်းကျေးရွာတွင်လည်း ဓါတ်ငွေ သန့်စင်စက်ရုံများ တည်ဆောက်ရန်အတွက် လယ်ယာမြေများကို အာဏာပိုင်များက လျော်ကြေးပေးပြီး သိမ်းယူခဲ့ကြောင်း သိရသည်။

ကျောက်ဖြူ အမှတ် (၁) ဖေါင်တော် ပြန်လည် တည်ဆောက်မည့် မြင်ကွင်း“လယ်ယာမြေတွေကို စက်မူလုပ်ငန်းအတွက် ကျရောက်တဲ့ နေရာ ပါ၀င်ရင် ရောင်းပေးလိုက်ကြရပါတယ်။ ဖယ်ပေးလိုက်ကြရတယ်။ ဖယ်ပေးလိုက်ရတဲ့ လယ်မြေတွေကို ဘယ်နေရာမှာမှ အစားထိုးမပေးနိုင်တော့ လယ်သမားတွေ လယ်ယာမြေတွေကို လက်လွှတ်ဆုံးရှံုးသွားကြရတာပေါ့။ အခုဆိုရင် လယ်သမားတွေ အလုပ်လက်မဲ့တွေ ဖြစ်ကုန် ကြရပါပြီ ” ဟု ကျောက်ဖြူမှ လူကြီး တစ်ဦးက ပြောသည်။ ကျောက်ဖြူမြို့တွင်လည်း ပြည်သူများ အပန်းဖြေအနားယူစရာနေရာများကို သက်ဆိုင်ရာ အာဏာပို်င်များနှင့် ငွေကြေး ချမ်းသာသူများက အပိုင်သိမ်းပြီး အဆောက်အဦးများ ဆောက်လုပ်နေသဖြင့် အများပိုင် အပန်းဖြေစရာ မြေကွက်လပ်များမကျန်တော့ကြောင်း သိရှိရသည်။

ကျောက်ဖြူနှင့် စေတီယျ ကျေးရွာအကြားတွင် တည်ရှိသော လေယျာဉ်ကွင်း မြောက်ဘက်တွင် ကျောက်ဖြူမြို့ခံများ အပန်းဖြေ အလှကြည့်ရာ နေရာများမှာ ယခုအခါ မကျန်ရှိတော့ကြောင်း ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။

ယခု အခါ ကျောက်ဖြူမြို့ အမှတ် (၁) ဆိပ်ကမ်းကို လွန်ခဲ့သည့်လ အနည်းငယ်ကစပြီး အသစ်ပြင်ဆင် တည်ဆောက်နေရာ အဆိုပါ တံတား အနီးရှိ ဆိုင်ခန်း အများအပြားကိုလည်း ပြည်သူများက ဖယ်ပေးလိုက်ရကြောင်း သိရသည်။

Most read this week