လပေါင်း (၉ဝ) နီးပါး နေအိမ် အကျယ်ချုပ်နှင့် အကျဉ်းကျ ခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွှတ်မြောက်လာ ...
လပေါင်း (၉ဝ) နီးပါး နေအိမ် အကျယ်ချုပ်နှင့် အကျဉ်းကျ ခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွှတ်မြောက်လာပြီးနောက် မြန်မာ့နိုင်ငံရေး အခြေအနေ တစုံတရာ ပြောင်းလဲသွားနိုင်ဘွယ်ရာ ရှိသည်ဟု မြန်မာ့အရေး သုံးသပ်သူများက ဆိုသည်။
နိုဝင်ဘာ ၁၃ ရက်နေ့၊ နိုဘယ်ငြိမ်းချမ်းရေးစုရှင် ဒေါ်စု လွတ်မြောက်လာချိန်တွင် သောင်းနှင့်ချီသည့် မြန်မာလူထုက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ခဲ့ကြသလို၊ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုကို အားပေး ထောက်ခံကြသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ လွတ်မြောက်လာသည့်အပေါ် သတိနှင့် ဝမ်းမြောက်၊ ဝမ်းသာ ကြိုဆိုကြောင်း တွေ့ရသည်။
ထို့အပြင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားသူများ ကပါ ဒေါ်စုလွတ်မြောက်လာခြင်းအပေါ် လှိုက်လှဲစွာဖြင့် ကြိုဆိုခဲ့ကြသည်။
စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လမ်းကြောင်းတည်ပေးနေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ လွတ်မြောက်လာသည့်အချိန်မှစ၍ အနားယူနိုင်ခြင်းမရှိဘဲ သံတမန်များ၊ သတင်းထောက်များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာ့အရေး နေ့မအား ညမအား ဆွေးနွေးခဲ့ကြသည်။
ယခုလို မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီကို လိုလားသူများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ရံဖန်ရံခါ တွေ့ဆုံးဆွေးနွေးမှုများကို နအဖ စစ်အစိုးရက ဥပဒေလမ်းမကြောင်းအရ ပိတ်ပင်တာဆီးနိုင်ခြင်းမရှိခဲ့လည်း ၎င်းတို့လှုပ်ရှားမှု အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိပြီး တဖက်တွင် လူထုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအရှိန်အဝါသက်ရောက်မှုနှင့် စည်းရုံးနိုင်သည့် အင်အားကြီးမားမှုကို စိုးရိမ်နေမိမှာ အမှန်ပင်ဖြစ်ကြောင်း မြန်မာ့အရေးသုံးသပ်သူတချို့က ဆိုသည်။
စစ်အစိုးရအာဏာတည်မြဲရေးကိုသာ ဦးစားပေးပြီး အဖက်ဖက်တွင် ဖယိုဖရဲ ဖြစ်နေသော တိုင်းပြည်ကို ပြန်လည်ပြုပြင်နိုင်ရန် စိတ်အားသန်နေကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ လိုအင်ဆန္ဒနှင့် စည်းလုံးညီညွတ်ရေးကိုမူ မျက်ကွယ်ပြုကာ ဆင်ကန်းတောတိုးသည့်ပမာ တိုင်းပြည်အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက် ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးရန် ကြိုးစားနေသည်။
တဖက်သတ်အတည်ပြုခဲ့သည့် ၂ဝဝ၈ အခြေခံဥပဒေ နှင့် လမ်းပြမြေပုံ (၇) ချက်သည် တိုင်းရင်းသားပြည်သူတို့အား ကျွန်ဘဝမှ မရုန်းထွက်နိုင်အောင် တုပ်နှောင်ထားမည့် အခြေခံဥပဒေများဖြစ်နေပြီး ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်ကိုလည်း မသမာသောနည်းလမ်းဖြစ်သည့် ကြိုတင်မဲစနစ်ဖြင့် ပြည်သူများ၏ မဲများကို ခိုးယူခဲ့သည်။
စည်းကမ်းရှိပြီး စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ဟု အစဉ်မပြတ်ကြွေးကျော်နေသည့် နအဖအစိုးရ၏ ဒီမိုကရေစီလမ်းစဉ်သည်လည်း နိုင်ငံတကာက ကျင့်သုံးနေသော ဒီမိုကရေစီလမ်းစဉ်နှင့် အပ်စပ်မှုမရှိသည့်အပြင် ဆန့်ကျင်နေသည့် အနေအထားတွင်ရှိနေသည့်အတွက် စစ်အစိုးရ၏ နိုင်ငံရေးအတွေးအခေါ်များသည် “ခွာသေးသေး” အဆင့်မျှလောက်သာ ရှိသည်ဟု ဖေါ်ပြနေသကဲ့သို့ပင် ဖြစ်နေသည်။
မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းတွင် ၁၉၆ဝ နှင့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲများသည် တိုင်းရင်းသားပြည်သူများက စစ်မှန်သော အစိုးရကို မိမိတို့၏ ဆန္ဒများအရ ရွေးချယ်နိုင်ခဲ့သော်လည်း တိုင်းပြည်၏ အာဏာကို နည်းမျိုးစုံသုံးကာ ဆက်လက်ချုပ်ကိုင်ထားခဲ့သည်။
ယနေ့ထိတိုင် အနိုင်ရ စစ်အစိုးရအတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အာဏာကို လွှဲပြောင်းပေးခြင်းမရှိဘဲ ဆက်လက်၍ ချုပ်ကိုင်ထားသည်မှာ သန်းပေါင်း (၅ဝ) ကျော်သော ပြည်သူလူထုကို စစ်ကျွန်ဘဝသို့ သွတ်သွင်းလိုသော ဆန္ဒကို ထင်ထင်ရှားရှား မီးမောင်းထိုးပြနေသကဲ့သို့ပင် ဖြစ်နေသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင်လည်း နိုင်ငံ၏ အနာဂတ်အစိုးရ အဖွဲ့အစည်းကို ပြည်သူတို့၏ ရင်တွင်းမှ ဆန္ဒအမှန်များနှင့် ဖေါ်ပြခဲ့ကြမည်ဟု ယုံကြည်ရသော်လည်း နောင်တက်လာမည့်အစိုးရတွင် အာဏာဆက်လက်တည်မြဲရေးအတွက် ၎င်းတို့ စစ်ယူနီဖောင်းများကိုချွတ်ကာ အရပ်ဝတ်လူဝတ်လဲခြင်းဖြင့် နအဖ စစ်ခေါင်းဆောင်များ အရှက်အကြောက်မဲ့စွာ စနစ်တကျ စီစဉ်ခဲ့ကြပြန်သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းသုံး ဖြေရှင်းခြင်း မပြုဘဲ စစ်ပွဲနှင့်သာ ဖြေရှင်းလိုသော နအဖ စစ်ခေါင်းဆောင်များ၏ သဘောထားများသည် ၎င်းတို့နှင့်အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်များအား လက်အောက်ခံနယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဓမ္မဖိအားပေးခဲ့သော်လည်း လက်မခံခဲ့သည့် ထိုအဖွဲ့များအပေါ် စစ်ရေးအရ လက်နက်အားကိုး ဖြိုခွင်းနေခြင်းက သက်သေသာဓကပင် ဖြစ်သည်။
ထိုကဲ့သို့ပြုမူနေခြင်းသည် စစ်ဗိုလ်ချုပ်များအနေဖြင့် နိုင်ငံရေးဝေါဟာရ အတိမ်အနက်ကို နားမလည်၍လော၊ သို့မဟုတ် နိုင်ငံရေးနည်းလမ်းသုံးကာ တွေ့ဆုံခြင်းဖြင့် အဖြေရှာခြင်းကို မျက်ကွယ်ပြုနေခြင်းလော ဆိုသည်ကိုမူ ၎င်းတို့သာ အသိဆုံးပင် ဖြစ်ပါလိမ့်မည်။
နအဖ၏ သံသယရှိဖွယ် နယ်ခြင်းစောင့်တပ်အသွင်ပြောင်းရေး လက်မခံသည့် ၎င်းတို့နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တဖန်ဖိအားပေးကာ လက်နက်များအပ်နှံခိုင်းခြင်းသည် မလိုလားအပ်သော စစ်ပွဲများဖြစ်ပေါ်ရန် လက်ရပ်ခေါ်ခြင်းသာဖြစ်နေပြီး လက်နက်အားကိုးဖြင့် ဖြေရှင်းရန် အသင့်ဖြစ်နေသည့် စစ်အစိုးရသည် နိုင်ငံရေးနည်းလမ်းသုံးဖြေရှင်းခြင်းကို အစိုးရတရပ်အနေဖြင့် ကျောခိုင်းရာ ရောက်ပေသည်။
နိုင်ငံတော်အား ထိန်းချုပ်နိုင်မည့် အချုပ်အခြာအာဏာ၏ အရင်းအမြစ်ဖြစ်သော ပြည်သူ့ဆန္ဒသဘောထားကို လျစ်လျူရှုကာ အာဏာကို လွှဲပြောင်းပေးခြင်းမရှိဘဲ ဆက်လက်၍ ချုပ်ကိုင်ထားသည်မှာလည်း ၎င်းတို့၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်လိုသော သဘောဖြစ်သည်ဟု အမည်မဖေါ်လိုသော နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ဆိုပါသည်။
ထိုသူက “စစ်အစိုးရက အာဏာကို ဘယ်သူ့လက်ထဲကိုမှ လွှဲအပ်ပေးမှာ မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ဆီမှာ အာဏာမရှိတော့တာနဲ့ သူတို့လုပ်ခဲ့တဲ့ အပြစ်ဒဏ်တွေအတွက် ပြည်သူတွေက ခုံရုံးတင် ဒဏ်ခတ်တော့မှာ သေချာနေလို့ပဲ။ ၈ လေးလုံး အရေးအခင်း၊ ဒီပဲယင်းလုပ်ကြံမှုနဲ့ ရွှေဝါရောင်တော်လှန်ရေးများ သတ်ပစ်ခဲ့တဲ့ ရဟန်းသံဃာနဲ့ ပြည်သူတွေအတွက် တိုင်းရင်းသားပြည်သူတွေက ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး ဆိုတာကို သိနေလို့ပဲ” ဟု သူ့အမြင်ကို ပြောသည်။
ထိုမျှသာမက လက်ရှိအာဏာရ စစ်အစိုးရသည် တိုင်းရင်းသားပြည်သူများအား မတရား အနိုင်အကျင့်ခြင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု၊ မုဒိမ်းမှုများကျူးလွန်ခြင်းနှင့် အမျိုးသားရေးလှုပ်ရှားသူများကို ဥပဒေမဲ့ မတရားအဖြစ်ဒဏ်ချမှတ်ကာ နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ခြင်းအပြင် စာနယ်ဇင်း လွတ်လပ်ခွင့်များကို ကန့်သတ် ပိတ်ပင်ခြင်း စသည့် ပြစ်မှုမျိုးစုံကျူးလွန်နေသည့် နအဖသည် နိုင်ငံတော်အာဏာကို အနုနည်းနှင့် လွှဲအပ်ပေးမည်မဟုတ်သည်မှာ သေချာကြောင်း ထိုသူက သုံးသပ်ပြသည်။
သို့သော် အမြင်မတူသည့် မြန်မာ့အရေးသုံးသပ်သူတစ်ဦးကမူ စစ်အစိုးရ၏ လက်ရှိဆုပ်ကိုင်ထားသော အာဏာသည် တာရှည်တည်မြဲမည်မဟုတ်ကြောင်း လမ်းဆုံးလျှင် ရွာတွေ့မည်ဖြစ်သောကြောင့် မကြာခင်ကာလအတွင်း မြန်မာ့နိုင်ငံရေးသည် အသွင်ပြောင်းလာတော့မည်ဖြစ်ကြောင်း သူက ဆိုသည်။
အလားတူ နိုင်ငံတော်၏ အာဏာသည် ပြည်သူတို့၏ လက်ဝယ်အတွင်းသို့ ရောက်ရှိရန် မဝေးတော့ကြောင်း စစ်အစိုးရအာဏာ ကျဆုံးခန်းကို မျက်ဝါးထင်ထင်တွေ့မြင်ရတော့မည်ဖြစ်ကြောင်း ထိုသို့ဖြစ်လာနိုင်ရန်အတွက်လည်း တိုင်းရင်းသားပြည်သူများက တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်များဖြင့် လက်တွဲညီညီဆောင်ရွက်သွားရန်သာ လိုအပ်ကြောင်း ပြောဆိုသုံးသပ်သွားသည်။
သို့သော် စစ်အစိုးရကမူ ၎င်းတို့ရေးဆွဲခဲ့သည့် လမ်းပြမြေပုံအတိုင်း ဆက်လက်သွားရန် ဆန္ဒရှိနေပြီး ရှေ့ဆက်ပြုလုပ်သွားမည့် လုပ်ငန်းစဉ်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ခိုင်ခိုင်မာမာဆုံးဖြတ်ထားပုံရသည်။
ရွေးကောက်ပွဲရလဒ်ကို မသမာသည့်နည်းလမ်းသုံးကာ တနိုင်ငံလုံးမဲအရေအတွက်၏ ရ၇% ကျော်ဖြင့် အနိုင်ရသည်ဟု စစ်အစိုးရက ကြွေးကြော်နေသော်လည်း ၎င်းရွေးကောက်ပွဲတွင် ပါဝင်သင့်သူများ ပါဝင်ခွင့် မပေးခဲ့ခြင်းကြောင့် စစ်အစိုးရအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အပြစ်တင် ဝေဖန်ခြင်းများနှင့် ဖိအားပေးမှုများလည်းဆက်လက်ရှိနေဦးမည် ဖြစ်သည်။
စစ်အစိုးရသည် ၎င်း၏ ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်ဆိုသလို မလူးသာ မလွန့်သာ အခြေအနေသို့ ဆိုက်ရောက်နေသည့် စစ်အစိုးရအဖွဲ့အစည်းမှ အရပ်ဝတ်လဲ ခေါင်းဆောင်များသည် မကြာမီကာလတွင် မိမိတို့ လုပ်ခဲ့သမျှအပြစ်ဒဏ်များကြောင့် လည်စဉ်း ခံပေးရုံ အခြေအနေသာ ရှိနေသောကြောင့် “အလှည့်ကျလျှင် မနွဲ့ကျစတမ်း” ဟူ၍သာ ကြွေးကျော်လိုက်ချင်တော့သည်။
၂ဝ၁ဝ ရွေးကောက်ပွဲပြဇာတ်ကို ဇာတ်ကွက်မနိုင်ဘဲနှင့် ကခဲ့မိသည့် စစ်အစိုးရအဖွဲ့၏ ကျဆုံးခန်းသည် မကြခင်ကာလအတွင်း အမှန်တစ်ကယ် ကျရောက်လာတော့မည်ဖြစ်သည် အဘယ်ကြောင့်ဆိုသော် စစ်အစိုးရအဖွဲ့အစည်း၏ ရွေးကောက်ပွဲလိမ်လည်မှုရလဒ်များ၏ ရှေ့တိုး ထမ်းပိုး နောက်ဆုတ် လှည်းတုတ်ဆိုသလို မလူးသာ မလွန့်သာ အခြေအနေကို ဆိုက်ရောက်နေသည့် စစ်အစိုးရ အဖွဲ့အစည်းခေါင်းဆောင်များသည် မကြာမီကာလတွင် မိမိတို့ လုပ်ခဲ့သမျှ အပြစ်ဒဏ်များ လည်စဉ်း၍ ခံပေးရုံသာ ရှိပါသောကြောင့် “အလှည့်ကျလျှင် မနွဲ့ကျစတမ်း” ဟူ၍သာ ကြွေးကျော်လိုက်ချင်ပါတော့သည်။