ဒေါ်အောင်ဆန်းစုကြည် တက်ကြွလူငယ်များနှင့် တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည် တက်ကြွလူငယ်များနှင့် တွေ့ဆုံမည်
by -
ကျော်ခ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မဟုတ်သည့် သီးခြားလူငယ် အဖွဲ့စည်းများမှ အသက် ၃၅ နှစ်အောက် လူငယ် တက်ကြွ လှုပ်ရှားသူများနှင့် ...

ချင်းမိုင် (မဇ္ဈိမ)။      ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မဟုတ်သည့် သီးခြားလူငယ် အဖွဲ့စည်းများမှ အသက် ၃၅ နှစ်အောက် လူငယ် တက်ကြွ လှုပ်ရှားသူများနှင့် ယခုလ၁၇ ရက်တွင် တွေ့ဆုံမည်ဖြစ်သည်။

၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးကာလနောက်ပိုင်း ပေါ်ထွက်လာသော နိုင်ငံရေး နိုးကြားတက်ကြွသည့် လူငယ် အဖွဲ့အစည်းများ လူမှုရေး အသင်းအဖွဲ့ဝင်များကို ရန်ကုန် ရွှေဂုံတိုင် ရုံးချုပ်တွင် လက်ခံတွေ့ဆုံမည် ဖြစ်သည်။

“၂ဝဝ၇ နောက်ပိုင်း ကျမတို့ NLD ထဲလဲမဝင်ဘူး။ လူငယ်လေးတွေ အစုအဖွဲ့လေးတွေ အများကြီးရှိတယ်။ အဲဒီလူငယ်တွေ တော်တော်များများက အန်တီ လွတ်လာကထဲက တွေ့ဖို့ ပြောထားတာတွေ ရှိတယ်လေ” ဟု ပါတီ ဗဟို ဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းက မဇ္စျိမကို ပြောသည်။

“ ဒီပြည်တွင်းမှာတော့ ကျမတို့အကုန်လုံး တဖွဲ့နဲ့တဖွဲ့ သိနေ ကြတယ်။ အကုန်လုံး အချိတ်အဆက် မိနေတာပေါ့။ အဲလိုပုံစံမျိုးနဲ့ပဲ ဖိတ်တယ်။ လူဦးရေကတော့ လာတက်တဲ့နေ့ကျမှ သိနိုင်လိမ့်မယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိတ်တဲ့ လူတွေကလဲ အဲဒီ့အဖွဲ့ခေါင်းဆောင်တွေနဲ့ တဆင့်ပြီးတဆင့် ပြန်လှုပ်ရှားနေကြရတာ ဆိုတော့လေ” ဟု သူက ဆက်ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ယခုနှစ်လယ် ထုတ်ပြန်ချက်အရ တနိုင်ငံလုံး လူဦးရေ ၅၉  သန်းကျော်ရှိရာတွင် အသက် ၁၈ နှစ်နှင့် အထက် သန်း ၃ဝ ကျော် ရှိသည်။

တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်မည့် NLD ရုံုးချုပ်ကို အာဏာပိုင်များက မျက်ခြေမပြတ် ပုံမှန် စောင့်ကြည့်နေသော်လည်း ဆွေးနွေးပွဲ တက်ရောက်မည့် လူငယ်များအတွက် စိုးရိမ်စရာမရှိဟု မဖြူဖြူသင်းက ပြောသည်။

“အခု လောလောဆယ် အခြေအနေက အန္တရာယ်ရှိလောက်တယ်လို့တော့ မမြင်မိဘူး။ ဒီမှာက
ဒေါ်အောင်ဆန်းစုကြည်တို့၊ အမတို့ကိုယ်တိုင်က နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ လူငယ်တွေနဲ့ ပတ်သက်ပြီး လုပ်ကိုင် ဆောင်ရွက်နေတဲ့ အခါ ဒီပြည်တွင်းမှာရှိတဲ့ လူငယ်တွေ လုပ်တာတော့ ဘာမှ ပြဿနာ
မရှိလောက်ဘူးလို့ မြင်တာပေါ့နော်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အချုပ်က လွတ်မြောက်လာပြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ သံတမန်များ၊ မဟာမိတ် နိုင်ငံရေး အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလများ၊ ပါတီအငယ်တန်း ခေါင်းဆောင်များနှင့် ဆက်တိုက်တွေ့ဆုံနေခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေက ပျယ်ပြယ်သည်ဆိုခဲ့သော သူ၏အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ဆက်လက် ရပ်တည်နိုင်ရေး အယူခံထပ်တင်ရန်လည်း ပါတီက ပြင်ဆင်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

နေပြည်တော်တရားရုံးချုပ်က NLD လျှောက်ထားချက်ကို နိုဝင်ဘာ ၂၂ ရက်က ပယ်ချခဲ့သော်လည်း အထူး အယူခံအဖြစ် ပြန်လည်လျှောက်ထားမည် ဖြစ်သည်။