တာ့ပင်းဂိတ် ပြန်ဖွင့်နိုးနိုး သတင်းကြောင့် ကျိုင်းတုံကုန်ကား အသိုင်းအဝိုင်း ရင်မောစွာ စောင့်ဆိုင်း

တာ့ပင်းဂိတ် ပြန်ဖွင့်နိုးနိုး သတင်းကြောင့် ကျိုင်းတုံကုန်ကား အသိုင်းအဝိုင်း ရင်မောစွာ စောင့်ဆိုင်း
by -
သျှမ်းသံတော်ဆင့်

ရက်ပေါင်း ၂၀ ကြာပိတ်ထားသည့် ကျိုင်းတုံနှင့် မိုင်းလားအကြားရှိ နမ့်လွေချောင်း တာ့ပင်းဂိတ် ပြန်ဖွင့်နိုးနိုး သတင်း ကြောင့် လွန်ခဲ့သည့် စနေ တနင်္ဂနွေကစ၍ ကျိုင်းတုံကုန်ကား အသိုင်းအဝိုင်းက ရင်မောစွာစောင့်ဆိုင်း ...

ရက်ပေါင်း ၂၀ ကြာပိတ်ထားသည့် ကျိုင်းတုံနှင့် မိုင်းလားအကြားရှိ နမ့်လွေချောင်း တာ့ပင်းဂိတ် ပြန်ဖွင့်နိုးနိုး သတင်း ကြောင့် လွန်ခဲ့သည့် စနေ တနင်္ဂနွေကစ၍ ကျိုင်းတုံကုန်ကား အသိုင်းအဝိုင်းက ရင်မောစွာစောင့်ဆိုင်း အသင့်ပြင် နေကြသော်လည်း ယနေ့ မနက်ပိုင်းအထိ ထူးခြားမှု မရှိသေးကြောင်း ကျိုင်းတုံမှလာသော သတင်းများအရသိရသည်။

ကုန်အဝင်အထွက် ပိတ်ပင်ထားသောကြောင့် အခက်တွေ့ရသော ကုန်ကားကြီးများ“ဂိတ်ပြန်ဖွင့်မယ်ကြားလို့ ကုန်ကားတချို့ ကုန်တွေတင်ထားပြီးပြီ။ ကားဆရာတချို့ အိမ်ပြင်တောင်မထွက်ရဲဘူး။ ဂိတ်ဖွင့်တာနဲ့ ချက်ချင်း ခရီးထွက်ဖို့ပြင်ထားတာလေ” - ဟု ကျိုင်းတုံ-မိုင်းလား ကုန်ကားမောင်းသူ တဦးကပြော ပြသည်။

ကျိုင်းတုံ-မိုင်းလား ပုံမှန်ပြေးဆွဲနေသော ၁၀ ဘီး/ ၆ ဘီး ကုန်တင်ကားကြီး ၃၀ ခန့်ရှိပြီး လူရောကုန်ပါတင်သည့် ပစ်ကပ်ကားမှာ အစီးရေ ၂၀ ခန့်ရှိသည်ဟု လည်း ၄င်းကပြောပြသည်။

“ ဒီသတင်းကြားတာ ၃-၄ ရက်လောက်ရှိပြီ။ တရက်ပြီးတရက် ဖွင့်မယ်ဖွင့်မယ်နဲ့ ခုချိန်အထိ ဘာမှမထူးခြားသေးဘူး။ ဘယ်နေ့ ဖွင့်မယ်ဆိုတာ ဘယ်သူမှလဲ အတိအကျမသိဘူး” ဟု တာချီလိတ်ရောက် ကျိုင်းတုံမှကုန်သည်တဦးက လည်းပြောသည်။

မိုင်းလားကားဂိတ်ရှိ ဟာလာဟောင်းလောင်း ကုန်ကားကြီးများတာ့ပင်းဂိတ်၌ ကုန်အဝင်အထွက် ပိတ်သည်နှင့် ကြက်တကောင်၊ ဖိနပ်တရံမျှပင် သယ်ဆောင် ရောင်းချခွင့် မပြုသည့် အခြေအနေ အထိ တင်းကျပ်ခဲ့ကြောင်း၊ ပုံမှန် လူအဝင်အထွက်ကိုမူ ပိတ်ပင်ခြင်း မရှိသော်လည်း သာမာန်သွားနေကျ ထိုင်း ခရီးသွားဧည့်သည် များကိုမူ လုံးဝ ခွင့်မပြုကြောင်း မိုင်းလား သျှမ်းနှစ်သစ်ကူးပွဲမှ ပြန်လာသည့် တာချီလိတ် လူငယ်တဦးက ပြောပြသည်။

မိုင်းလားမှ ကျိုင်းတုံသို့  နမ့်လွေ တာပင်းဂိတ်အဝင်အထွက် ကုန်စည်တင်ဆောင်မှုကို နို၀င်ဘာ ၂၃ ရက်ကစ၍ နအဖ အာဏာပိုင် တို့ ပိတ်ပင်ခဲ့သည်။ ထို့ပြင် နို၀င်ဘာ ၂၆ ရက်နေ့မှစ၍ ပြည်ပ ခရီးသွားဧည့်သည်များဝင်ရောက် လည်ပတ်ခွင့်ကိုပါ နအဖ အာ ဏာပိုင်တို့ ပိတ်ပင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

နို၀င်ဘာလကုန်လည်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စရဖမှူး/စစ်ဦးစီး ပထမတန်း(ဂျီဝမ်း) ဗိုလ်မှူးကြီးခင်မောင်ထွေးက ကျိုင်းတုံရှိ မိုင်းလား ကိုယ်စားလှယ်များအား တာ့ပင်းတံတား ကုန်တင်ကား ဖြတ်သန်းခွင့် ပိတ်ခြင်းသည်- (၁)ကုန်ပစ္စည်း များမှာ အခွန််မဲ့(မှောင်ခို) / တရားဝင်မဟုတ်ခြင်း၊ (၂) အထက်အမိန့်ကြောင့် ပိတ်ရခြင်း ဖြစ်သည်ဟု ပြောကြားသွားပါသည်။