စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ် စခန်းကို ဒီကေဘီအေက သိမ်းပိုက်

စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ် စခန်းကို ဒီကေဘီအေက သိမ်းပိုက်
by -
နော်အဲဏီ

စစ်အစိုးရတပ်များ ခြေကုပ်ယူထားရာ မြဝတီခရိုင်၊ ဖလူးလေးတောင်ဘက် တပ်ခေါ်ကျိုး တောင်တန်းကို ဒီဇင်ဘာလ(၉)ရက် မနက်(၁၀)နာရီအချိန်မှာ ဒီကေဘီအေတပ်မှ ၀င်ရောက် သိမ်းပိုက်ခဲ့ ...

စစ်အစိုးရတပ်များ ခြေကုပ်ယူထားရာ မြဝတီခရိုင်၊ ဖလူးလေးတောင်ဘက် တပ်ခေါ်ကျိုး တောင်တန်းကို ဒီဇင်ဘာလ(၉)ရက် မနက်(၁၀)နာရီအချိန်မှာ ဒီကေဘီအေတပ်မှ ၀င်ရောက် သိမ်းပိုက်ခဲ့သည်ဟု ဒီကေဘီအေ ဗျူဟာ(၁)စစ်ဆင်ရေးမှူး ဂျီထူး ဗိုလ်မှူး စောဆန်းအောင်မှ ပြောပါသည်။

ဒီကေဘီအေ (၉၀၉) ဒုတပ်ရင်းမှူး ဗိုလ်မှူး စောချမုစေး“နအဖ တပ်ရင်း(၅၄၇) ၊ (၂၃၀) ဆုတ်ကုန်ပြီးနော်၊ တိုက်ပွဲ ကြီးကြီး (၂) ရက် ဆက်တိုက် ဖြစ်တယ်နော်။ (၂)ရက်ဆက်တိုက် အကြိတ်အနယ် ဖြစ်ကြတယ်နော်။ ဒီနေ့ကျနော်တို့ (၁၀) နာရီလောက်မှာ ၀င်ရှင်းတယ်၊ ကျနော်တို့ တက်ရှင်းတာ အလောင်းတစ်ခုရတယ်။ မြေပုံရတယ်၊ မှတ်တမ်းမှတ်ရာရတယ်၊ နောက်သူတို့ ဆက်သွယ်ရေးစက်ပြောတဲ့ လက်လှည့် လျှပ်စစ်ဓါတ်အားပေးစက်ရတယ်။ သူတို့ကျန်နေတဲ့ ရိက္ခာတွေကိုတော့ ကျနော်တို့ မီးရှို့လိုက်ပြီး။”

ဒီဇင်ဘာလ(၆)ရက်နေ့ ညနေကတည်းကစပြီး ဒီကေဘီအေဘက်မှစတင်ထိုးစစ်ဆင်ခဲ့သည်ဟုဆိုသည်။

ယခုဆုတ်ခွာသွားသည့် စစ်အစိုးရတပ်ရင်းစစ်ကြောင်းများသည် မြဝတီမြို့တောင်ဘက် ဖလူးကြီးရွာကို ရောက် ရှိနေသည့် တပ်မ(၄၄)လက်အောက်ခံ စစ်ကြောင်းများနှင့်ပေါင်းပြီး ဒီကေဘီအေတပ်များကို ပြန်လာ တိုက်ဖို့ရှိကြောင်း ဒီကေဘီအေဘက်မှဆိုပါသည်။

ဒီဇင်ဘာ(၈)ရက်နေ့တွင်လည်း မြဝတီခရိုင်၊ ဝေါ်လေကျေးရွာ အနားတွင်ရှိသော စစ်အစိုးရတပ်ခြေကုပ် ယူထားရာ ဗျူဟာကုန်း၊ သံမဏိကုန်း နှင့် ကွန်မန်ဒိုကုန်းကို ဒီကေဘီအေတပ်ရင်း (၉၀၉)  ဒုတပ်ရင်းမှူး ဗိုလ်မှူးစောချမုစေး ဦးဆောင်သောအဖွဲ့က ည ၈ နာရီ မိနစ် ၂၀ ကနေ ၉ နာရီအထိ မိနစ် (၄၀) ကြာ (၃) နေရာစလုံး တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါတိုက်ပွဲကို ဦးဆောင်ခဲ့သူ ဗိုလ်မှူးချမုစေးက ပြောပါသည်။

“တပ်ခွဲမှူး စောသန်းထွန်း အဖွဲ့က သံမဏိကုန်းက နအဖ စကခ (၈) လက်အောက်ခံ တပ်ရင်း (၄၀၄)ကိုသွားဝင်ပစ်တယ်၊ တပ်ခွဲမှူး တာအိုမူး ဦးဆောင်တဲ့အဖွဲ့က ကွန်မန်ဒိုကုန်း နအဖတပ်ရင်း (၄၀၄) ၊ ဒုတပ်ခွဲမှူး ဖားဒိ အဖွဲ့က ဗျူဟာကုန်းက နအဖတပ်ရင်း (၄၀၁) ကို တချိန်တည်းမှာ သူတို့သွားပစ်တယ်”

သို့သော် ၄င်းဝေါ်လေစခန်းများကို မသိမ်းပိုက်နိုင်ခဲ့ပေ၊၊ နအဖတပ်များသည်၊ နိုဝင်ဘာ (၉)ရက် နေ့ ကတည်းကသိမ်းပိုက်ထားသည့် ဝေါ်လေစခန်းရောက်တပ်များအတွက် လိုအပ်နေသည့် စားနပ်ရိက္ခာဆေးဝါး များကိုလည်း ကနေ့အထိ မပို့ပေးနိုင်သေးကြောင်းဒေသခံများမှပြောပါသည်။ အကြောင်းမှာ စစ်ကူလာသည့် တပ်များကို ဒီကေဘီအေက ဖြတ်တိုက်နေသည့်အတွက် အထိအခိုက်အကျအဆုံးများနေသောကြောင့် သွားရောက် မပို့ပေးနိုင်တာဖြစ်သည်ဟု ဒီကေဘီအေဖက်ကပြောပါသည်။