ထောင်ပေါင်းများစွာသော လေဘေးသင့် ပြည်သူများ အမိုးအကာ မရှိဘဲ ဆက်လက် နေထိုင်နေရဆဲ

ထောင်ပေါင်းများစွာသော လေဘေးသင့် ပြည်သူများ အမိုးအကာ မရှိဘဲ ဆက်လက် နေထိုင်နေရဆဲ
by -
နိရဥ္စရာ

၀ါးစျေး ဓနိစျေးများ အဆမတန် မြင့်တက်နေသဖြင့် ထောင်ပေါင်းများစွာသော ဂီရိ လေဘေးသင့် ပြည်သူများမှာ ပြိုပျက်သွားသော အိမ်များကို ပြန်မပြင်နိုင် ...

၀ါးစျေး ဓနိစျေးများ အဆမတန် မြင့်တက်နေသဖြင့် ထောင်ပေါင်းများစွာသော ဂီရိ လေဘေးသင့် ပြည်သူများမှာ ပြိုပျက်သွားသော အိမ်များကို ပြန်မပြင်နိုင်သဖြင့် အမိုးအကာ မရှိသော ယာယီတဲများတွင် ဆက်လက် နေထိုင်နေရဆဲ ဖြစ်ကြောင်း လေဘေးသင့် ပြည်သူများက ပြောသည်။

Giri-Victims-Still-Homelessမြေပုံမြို့နယ် တောင်စိုင်ကမ်းမှ ကျောင်းဆရာ တစ်ဦးးက သူတို့ ဒေသတွင် လေဘေးသင့်ပြည်သူများ ကြံုတွေ့နေရသော အခက်အခဲကို ယခုကဲ့သို့ ပြောသည်။

“တောင်စိုင်ကမ်းမှာ ရွာပေါင်း ၄၀ ကျော်ရှိပါတယ်။ ၀ါးစျေး ဓနိစျေးက အဆမတန်မြင့်တက်နေတော့ ဘယ်သူမှ အိမ်မပြင်နိုင်ဘဲ ဖြစ်နေပါတယ်။ တောင်စိုင်ကမ်းလို့ ဆိုပေမယ့် ၀ါးက အထူးရှားနေပြီး ၀ါး ၁၀၀ ကို ကျပ် သုံးသောင်းရှိနေပါတယ်။ ကျပ်သုံးသောင်းနဲ့တောင် ရောင်းမယ့်သူက မရှိဘူး ဖြစ်နေပါတယ်။ ဓနိကတော့ အပျစ် ၁၀၀ ကို သုံးသောင်းခွဲရှိပါတယ်။ ခုလို စျေးကြီးနေတဲ့ အတွက် ဘယ်သူမှ အိမ်မပြင်နိုင်တော့ တဲထိုးပြီး နေထိုင်နေကြရတုန်း ဖြစ်ပါတယ်။”

ယခုကဲ့သို့ အမိုးအကာ ရရန် လေဘေးသင့် ပြည်သူများ အခက်အခဲတွေ့နေသော်လည် အစိုးရနှင့် တခြား အန်ဂျီအိုများမှ မိုးကာ၊ ရွက်ဖျင်တဲနှင့် တာပလိမ် အစများကို ကူညီပေးခြင်း မရှိသေးကြောင်း သိရသည်။

Giri-Victims-Still-Homeless-2တခြား အမျိုးသမီး တစ်ဦးကလည်း “ ကျွန်မတို့ဆီမှာ ဘယ်အဖွဲ့ကမှ အမိုးအကာ အကူအညီပေးတာ မရှိသေးဘူး။ ဆင်းရဲတဲ့ ပြည်သူတွေဟာ ဘယ်သူမှ ကိုယ့်အိမ်ကိုယ် မမိုးနိုင် မကာနိုင်ဘဲ ဖြစ်နေပါတယ်။ ဆန်စတဲ့ ရိက္ခာတွေတော့ အနည်း အကျဉ်းရပါတယ်။ အခုဆောင်းရောက်လာပြီဆိုတော့ အမိုးအကာက အဓိက လိုအပ်နေပါတယ်။ ကျန်းမာရေး အတွက် လူတိုင်း စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

အဆိုပါ အမိုးအကာများ ရရှိရေးနှင့် ပတ်သက်ပြီး မင်္ဂလာမြန်မာ အန်ဂျီအိုမှ ဒေါက်တာ ဖြိုးဝင်းကို ဆက်သွယ်မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့က ကျောက်ဖြူနဲ့ မြေပုံမြို့နယ်တွေမှာ လေဘေး ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ ဒါပေမယ့် အမိုးအကာ ရရှိရေးကိုတော့ ယာယီရော အမြဲတန်းရော ခုချိန်ထိ ဘာမှ မဆောင်ရွက်နိုင်သေးဘူး။ ကျွန်တော်တို့ ဆောင်ရွက်ပေးမယ် ဆိုပီး ပြောထားပါတယ်။ အဓိက အားဖြင့် ဒေသအတွင်းမှာ လူတွေ အသုံးပြုနေတဲ့ ၀ါး၊ သစ်၊ ဓနိတွေကို ထောက်ပံံ့ ပေးဖို့တော့ ပြောထားပါတယ်။ UNDP နဲ့လည်း ပြောထားပါတယ်။ ဒါပေမယ့် အခုအချိန်ထိ အကောင်အထည်ဖေါ် မဆောင်ရွက်နိုင်သေးဘူး။ ဂီရိအတွက် ရတဲ့ ငွေက သိပ်နည်းတော့ လေဘေး အတွက် လိုအပ်တာတွေကို မဆောင်ရွက်ပေးနိုင်ဘဲ ဖြစ်နေပါတယ်။”

သို့သော်လည်း အမိုးအကာများ ရရှိရန် ဆက်လက် ကြိုးစားဆောင်ရွက်နေကြောင်း သူက ပြောသည်။

ယခုကဲ့သို့ လေမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ နှစ်လနီးပါးရှိလာပြီ ဖြစ်သော်လည်း ယခုအချိန်ထိ အမိုးအကာများ မရရှိဘဲ ဖြစ်နေသဖြင့် လေဘေးသင့် ပြည်သူများ၏ ကျန်းမာရေးမှာ စိုးရိမ် စရာ ဖြစ်လာနေကြောင်း သိရသည်။ အထူးသဖြင့် ဆောင်းရောက်လာပြီ ဖြစ်သဖြင့် လေဘေးသင့် ပြည်သူများ အမိုးအကာ မရရှိပါက ပိုမိုပြီး အခက်အခဲ တွေ့လာနိုင်ကြောင်း လေဘေး ကယ်ဆယ်ရေး လုပ်သူများက ပြောသည်။

Most read this week