လေဘေး အကူအညီ မသမာမူကြောင့် ကျေးရွာသားများ စိတ်ဝမ်းကွဲပြား

လေဘေး အကူအညီ မသမာမူကြောင့် ကျေးရွာသားများ စိတ်ဝမ်းကွဲပြား
by -
စောသူဝင်း

ကျောက်ဖြူမြို့နယ်အတွင်းရှိ လေဘေးသင့် ကျေးရွာများတွင် လှူဒါန်းကူညီသော လေဘေး အကူအညီများကို သက်ဆိုင်ရာ ကျေးရွာ ရယက ဥက္ကဌများမှ အလွဲသုံးစား ပြု ...

ကျောက်ဖြူမြို့နယ်အတွင်းရှိ လေဘေးသင့် ကျေးရွာများတွင် လှူဒါန်းကူညီသော လေဘေး အကူအညီများကို သက်ဆိုင်ရာ ကျေးရွာ ရယက ဥက္ကဌများမှ အလွဲသုံးစား ပြုလုပ်နေသဖြင့် လေဘေးသင့် ပြည်သူများအကြား စိတ်ဝမ်းကွဲပြားမူများ ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။

Arakan-Cyclone-giri-victimsကျောက်ဖြူမြို့နယ် မင်းဂံ ကျေးရွာ အုပ်စုတွင် ပါ၀င်သော မင်းဂံ၊ ကညင်တော ၊ မဇရိုင်း ၊ မောက်တောင်ကြီး ၊ လောဗျော့ ကျေးရွာရှိ ရွာသားများအတွက် အန်ဂျီတစ်ခုမှ ပေးအပ် လှူဒါန်းခဲ့သော ငွေကို ကျေးရွာ ရယက တစ်ဦးတည်းမှ မောင်ပိုင်စီးပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေသဖြင့် ကျေးရွာသားများ အကြား စိတ်ဝမ်း ကွဲပြားမူများ ပေါ်ပေါက်နေကြောင်း ကညင်တော ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

“NGO အဖွဲ့အစည်းက လူတွေ ကျွန်တော်တို့ရွာကို လာပြီး ပျက်စီးသွားတဲ့ စပါးခင်း အတွက် လူ တစ်ယောက်ကို ၂၀၀၀ ကျပ်ဖြင့် လူအယောက် ၄၀၀ အတွက် ငွေ ၈ သိန်း ထုတ်ပေးခဲ့ပါတယ်။ အဲဒီငွေတွေဟာ အမှန်တကယ် ပျက်စီးဆုံုးသွားသည့် လူတွေကိုသာ ပေးခဲ့တာဖြစ်ပါတယ်။ ပျက်စီးဆုံးရှံုးမှု စာရင်းကိုကောက်ပြီးတော့ ရွာသားတွေက အန်ဂျီအို လက်မှတ် ရေးထိုးပေးလိုက်ရပါတယ်။ ရွာက လူကြီး မင်းဂံအုပ်စုအတွက် ငွေတွေကို ကိုယ်ကျိုး အတွက် သုံးလိုက်တဲ့ အတွက် အခု ရွာသားတွေကြားမှာ ပတိပက္ခတွေ ပေါ်ပေါက်နေပါတယ်။”

အဆိုပါ လူကြီးမှာ ၎င်းပိုင် ပျက်စီးသွားသော ဆားကွင်းကို အဆိုပါ ငွေဖြင့် ဆည်ဖို့နေပြီး ကျန်ငွေများကို မိမိကိုယ်ကျိုး အတွက် သာ အသုံးပြုနေသည်ဟု သူက ပြောကြားသည်။

အလားတူ ကျောက်ဖြူမြို့တွင်လည်း ထိုကဲ့သို့ လေဘေး အကူအညီများကို ကိုယ်ကျိုး အတွက် အသုံးပြုနေသူများကြောင့် အမှန်တကယ် လေဘေးသင့် ပြည်သူများထံသို့ အကူအညီများ မရောက်ရှိနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

နအဖ စစ်အစိုးရ လေဘေး ကူညီမူ အစီအစဉ်မှာ နိုင်ငံတော်သို့ အစိုးရထံသို့ ရောက်ရှိလာသော အကူအညီများကို ခရိုင်မှ တဆင့် မြို့နယ်၊ မြို့နယ်မှ တဆင့် ကျေးရွာ ရယက၊ ရယကများမှ တဆင့် လေဘေးသင့် ပြည်သူများသို့ ဖြန့်ဖြူးသဖြင့် တာဝန်ရှိသူများ အထက်အဆင့်ဆင့် ဖြတ်စားထားပြီးမှ လေဘေးသင့်ပြည်သူများထံသို့ ရောက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ် မယက ဥက္ကဌ ခင်မောင်လွှင်လည်း ရောက်ရှိလာသော လေဘေးအကူအညီများအား ကိုယ်ကျိုးအတွက် အသုံးပြုနေသဖြင့် နေ့ချင်း ညချင်း အထူး ကြွယ်ဝ ချမ်းသာလာခဲ့သည်ဟု သတင်းများ ရရှိသည်။

အမည်မဖေါ်လိုသူ ပေါက်တောမြို့ခံ တစ်ဦးက “ ပေါက်တောမြို့နယ် လေဘေးသင့် ပြည်သူတွေကို နိုင်ငံ တဝန်းက ကူညီတဲ့ အကူအညီတွေ မယက အဖွဲ့ဆီကို သိန်းထောင်ချီပြီး ရောက်နေတယ်လို့ သိရပါတယ်။ သွားရောက် ကူညီတာက နည်းနည်းဘဲ ဖြစ်ပါတယ်။ ပေါက်တော မယကဥက္ကဌမှ အကုန်လုံးကို ကိုယ်ကျိုး အတွက် ဘုန်းနေတယ်လို့ ကြားရ ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကိုယ်ကျိုးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက လေဘေး အကူအညီများကို ကိုယ်ကျိုး အတွက် အသုံးပြုနေသော်လည်း ပြည်နယ် အဆင့် တာဝန်ရှိသူများက တစုံတစ်ရာ စစ်ဆေး မေးမြန်းမူများ မရှိကြောင်း သိရသည်။

Most read this week