၂ဝဝ၆ ခုနှစ်က ပိတ်ခဲ့သော ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ကို ယနေ့နံနက်တွင် ပြန်လည် ဖွင့်လှစ်လိုက်သည်ကို တွေ့ရှိရသည်။ ...
၂ဝဝ၆ ခုနှစ်က ပိတ်ခဲ့သော ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ကို ယနေ့နံနက်တွင် ပြန်လည် ဖွင့်လှစ်လိုက်သည်ကို တွေ့ရှိရသည်။
“ဒီဂိတ်ကို ပြန်ဖွင့်လိုက်တဲ့အတွက် ကုန်ပစ္စည်းတွေ သယ်ဆောင်ရတာ ပိုပြီး အဆင်ပြေသွားပါတယ်၊ ဒါပေမယ့် ဘယ်ရက်နေ့အထိ ဖွင့်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမယ်” ဟု ဒေသခံ စီးပွားရေးသမား တစ်ဦးက ပြောသည်။
သို့သော် ယနေ့ နယ်စပ်ဖြတ်ကျော်ဂိတ် ဖွင့်လှစ်ခဲ့ရာတွင် မြန်မာပြည်ဖက်သို့ အလည်အပတ် သွားရောက်သည့် ဧည့်သည်များ သိပ်မတွေ့ရပေ။
ဘုရားသုံးဆူ မြို့ဖက်သို့ အလည်အပတ် သွားရောက်သူများ အနေဖြင့် နယ်ခြားဂိတ်ရှိ ထိုင်းလဝက ဌာန၌ နာမည်စာရင်း ပေးသွင်းပြီး လူတစ်ဦးလျှင် ဘတ်ငွေ ၃ဝ၊ ကားတစ်စီးအတွက် ဘတ်ငွေ ၅ဝ မြန်မာ အာဏာပိုင်များအတွက် ပေးဆောင်ရကြောင်း ထိုင်းလဝက အရာရှိတစ်ဦးက ရှင်းပြသည်။
ဘုရားသုံးဆူမြို့သို့ ဝင်ရောက်ခွင့် ရှိသူများမှာ နယ်ခြားမျဉ်းကြောင်းမှ ၂ ကီလိုမီတာခန့် ဝေးကွာသော ဘုရားသုံးဆူ မြို့လယ်စျေးကြီးအထိသာ သွားလာခွင့် ရှိသည်။
ထိုသို့ ဘုရားသုံးဆူမြို့သို့ သွားရောက်ရာတွင် ဓါတ်ပုံနှင့် ဗီဒီယို ကင်မရာများ ယူဆောင်ခွင့်မပြုဟု နယ်စပ် အာဏာပိုင်များက ပြောသည်။
ယခုကဲ့သို့ နယ်ခြားဂိတ် ဖွင့်ပေးလိုက်သည့်အတွက် ပရိဘောဂ လုပ်ငန်းများ ပြန်လည် ကောင်းမွန်လာမည် ဖြစ်ကြောင်း သစ်ကုန်သည် တစ်ဦးက ယူဆ ပြောဆိုသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့၌ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့ကို သိမ်းပိုက်လိုက်ပြီး မြို့ပေါ်ရှိ စစ်အစိုးရ ရုံးအချို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ယခင် သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
အလားတူ မြဝတီမြို့ကိုလည်း ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်းခဲ့ရာ ယနေ့အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်လျှက်ရှိသည်ကို သတင်းများတွင် ဖေါ်ပြလျှက် ရှိသည်။
ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ်ခဲ့သည်မှာ နယ်စပ်များတွင် တည်ငြိမ်မှုများ ပြန်လည် တည်ရှိနေပြီဟု အိမ်နီးချင်း နိုင်ငံများကို ပြသလိုခြင်းဖြစ်ကြောင်း စစ်ရေး စောင့်ကြည့်လေ့လာသူများ သုံးသပ်ပြောဆိုသည်။