အရှေ့အာရှနှင့် ပစိဖိတ်ဒေသ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ဝိုင်ယွန်း နိုဝင်ဘာ ရွေးကောက်ပွဲတွင် အရွေးခံရသော ပါတီများနှင့် ရန်ကုန်မြို့ တွင် ယနေ့ တွေ့ဆုံ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ဝိုင်ယွန်း နိုဝင်ဘာ ရွေးကောက်ပွဲတွင် အရွေးခံရသော ပါတီများနှင့် ရန်ကုန်မြို့ တွင် ယနေ့ တွေ့ဆုံသည်။
မစ္စတာ ဂျိုးဇက်ဝိုင်ယွန်းသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်ပြီးနောက် ပထမဆုံးလာသည့် အဆင့်မြင့် အမေရိကန် သံတမန်ဖြစ်ပြီး လေးရက်ကြာခရီးစဉ်ကို ယနေ့ စတင်လိုက်သည်။
အမေရိကန် ကိုယ်စားလှယ်သည် ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးက ပြောသည်။
ဝီကီလိခ်တွင် ဖော်ပြထားသော ရန်ကုန် အမေရိကန်သံရုံးမှ ပေးပို့သော အစီရင်ခံစာ (အပြည့်အစုံကို ပုံကိုနှိပ်၍ ကြည့်ရန်)
ပါတီ ၈ ခုမှ ခေါင်းဆောင်များကို တနာရီကျော် ကြာ တွေ့ဆုံမေးမြန်းသည်ဟု တွေ့ဆုံရာတွင် ပါဝင်သော ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
“ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကို သိချင်တယ်တဲ့။ နောက်ပြီးတော့ အခု ဒေါ်စုလုပ်မယ့် ပင်လုံညီလာခံအပေါ်မှာ ဘယ်လိုမြင်သလဲတဲ့။ အဲဒါ နှစ်ခုပဲ မူတည်ပြီးတော့ ဝိုင်းဆွေးနွေးတာပေါ့” ဟု သူက မဇ္စျိမကို ပြောသည်။
အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့လျှင်လည်း ယင်းကိစ္စကို ဆွေးနွေးမည်ဟု ဆိုသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း၊ ကရင်ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ပါမောက္ခစောဆိုင်မွန်သာ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစောတို့ တက်ရောက်ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။ ထို့ပြင် ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်များနှင့်လည်း တပြိုင်တည်း တွေ့ဆုံကြသည်။
စစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဖိတ်ကြား ထားသော်လည်း မတက်ရောက်ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ဆိုသည်။
ဆွေးနွေးပွဲတွင် အမေရိကန် ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ ပြန်ရုတ်သိမ်းပေးရန် ကိုယ်စားလှယ်တချို့က တောင်းဆိုကြသည်ဟုလည်း သိရသည်။
“ပိတ်ဆို့အရေးယူတာကို ပြန်ရုပ်ခိုင်းတယ်လေ။ ဗိုလ်ချုပ်တွေကို မထိဘူး။ လူထုကိုပဲ ထိတယ် ဆိုပြီး ဝိုင်းပြောကြတယ်လေ” ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနို်င်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ဥပဒေဖြင့် ၂ဝဝ၃ သမ္မတ ဂျော့ဒဗလျူ ဘုရှ် လက်ထက်ကစပြီး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှ ကျောက်မျက်များ အပါအဝင် သွင်းကုန်များကို တားမြစ်ခြင်း၊ အမေရိကန်ရှိ မြန်မာစစ်ဗိုလ်ချုပ်များ၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်းအပြင် မိသားစုများကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်ထားသည်။
မစ္စတာ ယွန်း၏ အထက်အရာရှိ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ် အမ် ကမ်းဘဲလ်လည်း ယခင်နှစ် မေလက စစ်အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံရေး အိုးဘားမား အစိုးရ၏ မူဝါဒသစ်အရ မြန်မာပြည် ရောက်ခဲ့သည်။ စစ်အစိုးရအရာရှိများ၊ ရွေးကောက်ပွဲ ကော်မရှင်၊ ကြံ့ဖွံ့ပါတီ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။
မစ္စတာ ကမ်းဘဲလ်က အမေရိကန်နှင့် ကုလသမဂ္ဂ တောင်းဆိုချက်များအတိုင်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့် ပြုရမည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းပွဲ၌ တောင်းဆိုခဲ့သည်။
မဲလိိမ် မဲညစ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၁၁၅၄ အနက် ကြံ့ဖွံ့ ပါတီ က ၈၈၂ နေရာဖြင့် အနိုင်ရထားသည်။
မစ္စတာ ယွန်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လွှတ်တော် ကိုယ်စားပြု ကော်မတီတို့နှင့်လည်း ခရီးစဉ် နောက်ဆုံးရက် ယခုလ ၁ဝ ရက်တွင် တွေ့ဆုံမည်ဟု အတိုက်အခံခေါင်းဆောင်တဦးက ပြောသည်။
အမေရိကန် ကိုယ်စားလှယ်သည် စစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် နေပြည်တော်သို့ ထွက်ခွာသွားပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရန်ကုန် ရိုက်တာ သတင်းတရပ်က ဆိုသည်။
သံတမန် သတင်းရပ်ကွက်တခုက ခန့်မှန်းပြောဆိုရာတွင် အမေရိကန် သံအရာရှိများ၏ အစီရင်ခံစာများ ဝီကီလိခ်တွင် ပေါက်ကြားမှုကြောင့် သံတမန်ဆက်ဆံရေး မပျက်ပြားအောင် အမေရိကန် ကိုယ်စားလှယ်က ထည့်သွင်း ရှင်းလင်းသွားမည်ဟု ပါရှိသည်။
ဝီကီလိခ်ပါ ရန်ကုန် အမေရိကန်သံရုံးမှ ပေးပို့သော အစီရင်ခံစာတခုတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က အင်္ဂလန်မှ မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဝယ်ရန် တိုက်တွန်း၍ အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ (၁ ဘီလျံ) ပေးပြီး ဝယ်ရန် စဉ်းစားခဲ့ကြောင်း ပါရှိသည်။
သို့သော်လည်း လူ ၁ သိန်း ၄ သောင်းကျော် သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးစဖြစ်၍ ဘောလုံးကလပ် ဝယ်ယူမည့် အကြံအစည်ကို စွန့်လွှတ်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် အမျိုးသား ဘောလုံးအဖွဲ့ချုပ်ကို ထူထောင်၍ လက်ရင်း စီးပွားရေးသမားများကို ကလပ်အသင်းများ ထောင်ခိုင်းခဲ့သည်ဟု ပါရှိသည်။