ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ရှိ ချောင်းဆုံမှ ကြာအင်းဆိပ်ကြီးမြို့ကို သွားသော ရေကြောင်းလမ်းကို မြန်မာ စစ်အာဏာပိုင်များ ပိတ်ပင်ထား ...
ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ရှိ ချောင်းဆုံမှ ကြာအင်းဆိပ်ကြီးမြို့ကို သွားသော ရေကြောင်းလမ်းကို မြန်မာ စစ်အာဏာပိုင်များ ပိတ်ပင်ထားရာမှ ယမနေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီးဟု စက်လှေပိုင်ရှင်တစ်ဦးမှ ပြောပါသည်။ သို့ရာတွင် အင်အား တိုးချထားသော မြန်မာ စစ်တပ်အတွက် အကောက်အခွန်တိုးပြီး ကောက်ခံခဲ့သည်ဟု ယခုလိုပြောပါသည်။
“အရင်တုန်းက ချောင်းဆုံကနေ ကြာအင်းဆိပ်ကြီးအထိကို ခရီးသည်တစ်ယောက် လှေခ(၃)သောင်း ယူ တယ်။ အခုတော့ သုံးသောင်းခွဲ ယူတယ်။ ဘာကြောင့်လဲဆိုတော့ အခုတပ်ကနေပြီးတော့ အကောက်ခွန် တိုးယူလာတယ်။ စစ်တပ်က(၄)ဂိတ်ကောက်တယ်။ တခြားကရင်ဂိတ် မွန်ဂိတ် အဖွဲ့ပေါင်းစုဂိတ်တွေပါဆိုရင် လှေတစ်စီး ဆိုရင်နှစ်သိန်းလောက် ကုန်တယ်။ စက်ဆီဖိုးနှုတ်လိုက်ရင် ဘာမှမကျန်တော့ဘူး။ အင်ဂျင် ပျက်ရင်တော့ အကွဲဘဲ။
ချောင်းဆုံနှင့်ကြာအင်းဆိပ်ကြီးမြို့ကိုသွားသော ဇမိမြစ်ရေလမ်းခရီးတွင်ရှိသည့် အကောက်အခွန်ဂိတ် အနေအထားကို အဆိုပါစက်လှေသမားမှအခုလိုပြောပါသည်။
“ဟိုတုန်းကကောက်တာက စစ်တပ်က တပ်စိတ် တစ်စိတ်ဘဲရှိတယ် ချောင်းဆုံမှာ။ တစ်ထောင်ဘဲ ပေးရ တယ်။ အခုဟာ တောက်လျှောက်ဖြစ်နေပြီး။ အခုကျတော့ သုံးဆူနဲ့ချောင်းဆုံကြားမှာဘဲ(၅)ဂိတ်ရှိနေတယ််။ ပြီးတော့ ကြာအင်းဆိပ်ကြီးက စထွက်ကတည်းက စစ်သင်္ဘောကနေ စကောက်တာ လှေတစ်စီးကိုသူတို့ကောက်တာ နှစ်သောင်းကောက်တယ်။ ကျန်တာကတော့ မွန်ပြည်သစ်ပါတီအဖွဲ့ကတော့ ဝေသာလီတို့မှာ သွားဖြုတ် ရတာပေါ့။ နောက် တခါကျွန်းချောင်းမှာတော့ ကရင်တစ်ဖွဲ့ရှိတယ်။ အဲဒီအပိုင်း ကတော့ အဲဒီလောက်ဘဲ။ ဒီအပေါ်ပိုင်းမှာတော့ စိပ်နေတာဘဲ။”
ယခင်ကဆိုလျှင် ခရီးသည်တင်လှေတစ်စီးတွင် လူဦးရေအလိုက် ဂိတ်ဖြတ် အကောက်ငါးသောင်းနဲ့ တစ်သိန်းအကြားပေးနေရသော်လည်း ဘုရားသုံးဆူဒေသသို့ တိုးချဲ့ရောက်လာသောစစ်တပ်များမှ ဂိတ်ကြေး ထပ်မံတိုးမြင့် ယူဆောင်နေသည့်အတွက် နှစ်ဆကျော်ဂိတ်ကြေးပေးဆောင်နေရသည်ဟု အဆိုပါ လှေသမားမှ ပြောပါသည်။ အလားတူခရီးသည်များအနေနှင့် လှေစီးခစရိတ်များတိုးပြီးပေးဆောင်နေရသည်ဟု ခရီးသည်တစ်ဦး က ပြောပါသည်။
ဘုရားသုံးဆူမြို့သည် နယ်စပ်မြို့ဖြစ်သော်လည်း မြန်မာအာဏာပိုင်များမှ ထိုင်းမြန်မာ ကုန်သွယ်ရေးကို ပိတ်ပင်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုနည်းပါးနေပါသည်။ ယခုလိုရာသီတွင် မော်တော်ကားလမ်းမပေါက် သေးတဲ့အတွက် ရေလမ်းကိုသာ မှီခိုအားထားနေရသညါ့အခြေအနေတွင်ရှိသည်။ ပြီးခဲ့တဲ့ဒီဇင်ဘာလဆန်းတွင် မြနမာအာဏာပိုင်များမှ ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီး ရေကြောင်းလမ်းကို ပိတ်ပင်ခဲ့ပါသည်။ ဤသို့ ရေလမ်း ခရီးကိုပိတ်ပင်ခဲ့သည့်အတွက် ခရီးသည်များ ကျောင်းသားကျောင်းသူများအတွက် သွားလာရေး ထိခိုက်ခဲ့သည်ဟု ဒေသခံများမှ ပြောပါသည်။