သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်း ဗုံးပေါက်ကွဲ

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်း ဗုံးပေါက်ကွဲ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ မြို့မတောင် ရပ်ကွက်၌ လက်သည်မသိ ဗုံးပေါက်ကွဲမှုတခု ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားခဲ့ကြာင်း စုံစမ်း သိရှိရ ...

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ မြို့မတောင် ရပ်ကွက်၌ လက်သည်မသိ ဗုံးပေါက်ကွဲမှုတခု ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားခဲ့ကြာင်း စုံစမ်း သိရှိရပါသည်။

“လင်းခေး ဝမ့်တိုက်ရပ်ကွက်- ရပ်ကွက် ဥက္ကဌဟောင်း လုံးတာယရဲ့ အိမ်ရှေ့မှာ ဗုံးပေါက်ကွဲတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ သောကြာညမှာ ဖြစ်တာ။ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ ညအချိန်ဆိုတော့ အသံကြားရလဲ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး” - ဟု တောင်ရွာရပ်ကွက် ဒေသခံ တဦးက ပြောသည်။

လက်သည်မသိ၊ အကြောင်းရင်း မသိရသော်လည်း အဆိုပါ လုံးတာယ ရပ်ကွက် ဥက္ကဌတာဝန်မှ အနားမယူမီက ဥက္ကဌ အာဏာသုံးပြီး ဒေသခံရွာသားများထံ ပိုက်ဆံကောက်ခြင်း၊ နအဖ စစ်အာဏာပိုင် ဆန္ဒအတိုင်း အကျိုးဆောင်လုပ်ပေး လေ့ရှိခြင်းကြောင့် ဖြစ်သည်ဟု လင်းခေးဒေသခံ တဦးက ဤကဲ့သို့ပြောပြသည်။

“ဦးတာယ က (မြို့မတောင်ရပ်ကွက်ဥက္ကဌ ဟောင်း) အသက် ၅၅ နှစ်လောက်ရှိတယ်။ သူဥက္ကဌလုပ်တုန်းက အာဏာ တအားသုံးတယ်။ ရွာသားတွေဆီက ပိုက်ဆံကောက်တယ်။ သူ့အိမ်မှာ ဖုန်းတပ်ဖို့။ နောက်ပြီး သူသုံးဖို့ ဆိုင်ကယ်တစီးဝယ်ဖို့။ ထိုင်းကို အလုပ်သွားလုပ်တဲ့ သားသမီးတွေ ရှိတဲ့အိမ်ဆို ၂ ဆကောက် တယ်။ သူအလုပ်က ထွက်ရင် တက်လာတဲ့ ဥက္ကဌသစ်ကို အဲဒီပစ္စည်းတွေ လွှဲပေးမယ်ဆိုဘဲ။ အခုဥက္ကဌသစ် တက်လာလဲ လွှဲမပေးသေးဘူး” - ဟု ဆိုသည်။

ယခုနှစ်များအတွင်း အဆိုပါလုပ်ရပ်မျိုး လင်းခေးမြို့ရပ်ကွက်ဥက္ကဌတို့ ကျင့်သုံးလာကြသဖြင့် ရွာသားများ ငြီးငြူ နေကြသည်ဟု ၎င်းကပြော ပြသည်။

“လင်းခေးမှာအိမ်တိုင်းနီးပါး ထိုင်းကိုသွားအလုပ်လုပ်ကြတယ်လေ။ သူတို့ပိုက်ဆံကောက်မယ်ဆိုရင် ထိုင်းအလုပ်သွား လုပ်တဲ့အိမ်ဆိုရင် ၂ ဆ ထည့်ရမယ်ဆိုတာဖြစ်လာတယ်။ သာမာန်အားဖြင့်က ဟိုကြေးဒီကြေးအရမ်းကိုများနေပြီ။ ၂ ဆ ထည့်ရမယ်လို့ လုပ်လိုက်ပြန်တော့ လူတွေက မခံနိုင်ကြတော့ဘူး”- ဟု အမည်မဖော်လိုသည့်ကျောင်းဆရာမ တဦးက ပြောသည်။

ယခုနှစ်ဆန်းပိုင်း လုံးတာယ ရပ်ကွက်ဥက္ကဌ အလုပ်မှနှုတ်ထွက်ပြီးနောက်ပိုင်း အတွင်းရေးမှူး စိုင်းစိန္တာက ရပ်ကွက် ဥက္ကဌရာထူးဆက်ခံလာ သည်ဟုလည်း သိရသည်။

Most read this week