သေနတ်ဒဏ်ရာ ရရှိခဲ့သည့် မြန်မာစစ်သား ၄ ဦးတို့အား ထိုင်းအာဏာပိုင်များ ခွင့်ပြုချက်ဖြင့် မော်တော်ကားဖြင့် ဘုရားသုံးဆူ ထိုင်းနယ်မြေမှတဆင့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ရှိ နတ်အိမ်ထောင် နယ်စပ်စခန်း ...
သေနတ်ဒဏ်ရာ ရရှိခဲ့သည့် မြန်မာစစ်သား ၄ ဦးတို့အား ထိုင်းအာဏာပိုင်များ ခွင့်ပြုချက်ဖြင့် မော်တော်ကားဖြင့် ဘုရားသုံးဆူ ထိုင်းနယ်မြေမှတဆင့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ရှိ နတ်အိမ်ထောင် နယ်စပ်စခန်းသို့ ယမန်နေ့၊ နေ့လည်ပိုင်းတွင် ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံ ထိုင်းအာဏာပိုင်များထံမှ သိရသည်။
ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များ သိမ်းပိုက်ပြီးနောက် မြို့ခံများ ထိုင်းနယ်မြေသို့ ထွက်ပြေးနေစဉ်
ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များသိမ်းပိုက်ပြီးနောက် မြို့ခံများ ထိုင်းနယ်မြေသို့ ထွက်ပြေးနေစဉ် အဆိုပါ မြန်မာစစ်သား လေးဦးမှာ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကြိမ်ချောင်းအနီး တဲသုံးလုံးရွာ၌ ဒီကေဘီအေ တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ဟန်တူကြောင်း ဘုရားသုံးဆူမြို့ရှိ မြန်မာအာဏာပိုင် အသိုင်းအဝိုင်းကြားတွင် ယူဆပြောဆိုနေကြသည်။
ဘုရားသုံးဆူဒေသ ကြိမ်ချောင်းမရောက်မီ ဇီးပင်အရှေ့တဲသုံးလုံး၌ မြန်မာစစ်အစိုးရ ခမရ ၄၀၆ စစ်ကြောင်းနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ( ၃) နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
“ဒဏ်ရာရထားတဲ့ရွာသားလေးယောက်နဲ့ရောပြီး ဒီစစ်သားလေးယောက်ကို မယ့်သဗွီးကနေလှေနဲ့တင်လာတာ၊ အားလုံးဘုရားသုံးဆူကို ချောချောမောမောရောက်လာကြပါတယ်၊ ဒါပေမယ့် ဒဏ်ရာရထားတဲ့ရွာသားတွေ အခုဘယ်ဆေးရုံရောက်နေမှန်းမသိဘူး”ဟု ဒဏ်ရာရရှိသူများအားလိုက်ပါကူညီခဲ့သူတစ်ဦးက ပြောသည်။
လက်နက်ကြီးဒဏ်ရာ ရရှိခဲ့သူ ရွာသားလေးဦးမှာ အဖွားအိုတစ်ဦး၊ မိန်းကလေးငယ် တစ်ဦးနှင့် နွားကျောင်းသားနှစ်ဦး ဖြစ်ကြသည်ဟု မျက်မြင်တွေ့ရှိခဲ့သူများ ပြောပြချက်အရ သိရသည်။
သို့ရာတွင် ယင်းဒဏ်ရာရရှိသည့်ရွာသားများကို သတင်းထောက်များလိုက်လံရှာမတွေ့သေးသဖြင့် မည်သို့မည်ပုံဖြစ်ပေါ်ခဲ့ရသည်ကို အတည်မပြုနိုင်သေးပေ။
ထို့အပြင် ဒဏ်ရာဖြင့်ထားဝယ်မြို့သို့ပြန်သွားကြသည့် မြန်မာစစ်သားလေးဦးတို့မှာ(၁) တပ်ကြပ်ကျော်စိုး(၄၀) နှစ်၊ (၂) ဒုတပ်ကြပ်သိန်းထွန်းဦး(၄၀)နှစ်၊ (၃) ဒုတပ်ကြပ်ဝင်းနိုင်(၂၄)နှစ်၊ (၄) တပ်သားနေသူ(၂၃) နှစ်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်မှထုတ်ပေးသော ခရီးသွားလာရေးထောက်ခံစာမှတ်တမ်းအရ သိရသည်။
နတ်အိမ်ထောင်စခန်းမှတဆင့် ထားဝယ်မြို့ဆေးရုံသို့ ဆေးဝါးကုသရန် အကြောင်းပြခဲ့သည်ဟု ဒေသခံထိုင်းအာဏာပိုင် အသိုင်းအဝိုင်း၌ ပြောဆိုကြသည်။
“ဘုရားသုံးဆူမြို့မှာလည်း အစိုးရဆေးရုံရှိတာပဲ၊ ဘာလို့ဒီမှာမကုပဲ ထားဝယ်ကို ပို့ရတာလဲဆိုတာ စဉ်းစားစရာပဲ၊ အခြားအဆင့် စစ်သားတွေကို အထူး အခွင့်အရေး ပေးပြီး ခုလို တကူးတက ပို့ခွင့်ရတာ အံ့သြစရာပါ” ဟု နယ်စပ်စစ်ရေး စောင့်ကြည့်နေသူများ ဝေဖန်ကြသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ဘုရားသုံးဆူမြို့သိမ်းပိုက်ခံရပြီး နောက်ပိုင်းစစ်ကူအဖြစ်ထပ်မံရောက်ရှိလာသော ခမရ-၄၀၂၊ ၄၀၅၊ ၄၀၆၊ ၄၁၀ တပ်ရင်းများမှာ တနင်္သာရီတိုင်းရှိ ကမ်းရိုးတမ်းတိုင်းစစ်ဌာနချုပ် စကခ ၈ လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသည်။
ဘုရားသုံးဆူမြို့ကို ဒီကေဘီအေ တပ်ဖွဲ့များ သိမ်းပိုက်ပြီး ပစ်ခတ်မှုမရှိဘဲ ရက်ပိုင်းအတွင်း မြို့ပေါ်မှ ဆုတ်ခွာပေးခဲ့ပြီးနောက် စကခ ၈ လက်အောက်ခံတပ်များ ဘုရားသုံးဆူဒေသသို့ စစ်ကူအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။
ထိုသို့ မြန်မာစစ်ကူများ ရောက်ရှိနေစဉ် မြန်မာတပ်ဖွဲ့နှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်တို့အကြား ဘုရားသုံးဆူ ဒေသဝန်းကျင်၌ နိုဝင်ဘာလ ၂၈ ရက်နေ့ တိုက်ပွဲတစ်ပွဲသာ ဖြစ်ပေါ်ခဲ့သည်ဟု စစ်ရေးသတင်း မှတ်တမ်းများအရ သိရသည်။