ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်နောက် သတင်းမီဒီယာများက သူ့အပေါ် အဓိက အာရုံစိုက်နေချိန်တွင် အခြားတဖက်၌လည်း လျစ်လျူမရှုသင့်သော နိုင်ငံရေး ဖြစ်ပေါ်မှုများ ရှိနေ ...
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်နောက် သတင်းမီဒီယာများက သူ့အပေါ် အဓိက အာရုံစိုက်နေချိန်တွင် အခြားတဖက်၌လည်း လျစ်လျူမရှုသင့်သော နိုင်ငံရေး ဖြစ်ပေါ်မှုများ ရှိနေသည်။
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးအပြီး ရက်ပိုင်းအတွင်း ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အပြီးသတ် မဲရလဒ်များကို သိုသိုသိပ်သိပ် ထုတ်ပြန်ခဲ့သလို၊ တဖက်တွင်တော့ ရွေးကောက်ပွဲတွင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့သည့် ပါတီများက ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီအနေဖြင့် မဲမသမာမှုများကြောင့်သာ အနိုင်ရရှိခြင်း ဖြစ်ကြောင်း စိန်ခေါ်မှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။
ယခုရက်ပိုင်းမှာပင် ရွေးကောက်ပွဲဝင် ပါတီ ၃ ခု၏ တိုင်တန်းမှုကြောင့် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၁ဝ မြို့နယ်မှ မဲမသမာမှုများကို ရဲစခန်းက ခေါ်ယူစစ်ဆေးနေပြီဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအင်အားစု NDF ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFNP နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့က ရန်ကုန်တိုင်းတွင် ၃ မြို့နယ်နှင့် ပဲခူးတိုင်းတွင် ရ မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ ရယကနှင့် မဲရုံမှူးတို့အား မဲမသမာမှုပြုလုပ်သည်ဟု တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများက ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်။
ရဲတိုင်နိုင်သော မဲ မသမာအမှု
ရဲစခန်းများတွင် တိုင်ကြားရခြင်းမှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ ဖော်ပြချက်အရ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ကျူးလွန်သူ မည်သူကိုမဆို မဲပေးခွင့်ရှိသူ၊ အမတ်လောင်း၊ အမတ်လောင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်၊ ယင်းမဲဆန္ဒနယ်၏ ကော်မရှင်အဖွဲ့ဝင် တဦးဦးက သက်သေခိုင်လုံစွာဖြင့် ရဲစခန်းတွင် တိုင်တန်းနိုင်သည်ဟု ဖော်ပြထားသည့်အတိုင်း တိုင်ကြားခဲ့သည်။
ရဲတိုင်ကြားခွင့်မှာ ရွေးကောက်ပွဲ ကျင်းပသည့်ရက်မှ ၁၅ ရက်အတွင်း တိုင်ကြားရမည် ဖြစ်သောကြောင့် ယခုလ ၂၂ ရက်နေ့ကပင် အမှုအသစ်များ တိုင်ကြားခွင့် ကုန်ဆုံးသွားပြီဖြစ်သည်။ သို့သော် ဤအချက်ကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်အပေါ် စိန်ခေါ်မှုများ ဆိတ်သုဉ်းသွားမည် မဟုတ်ပေ။
ရွေးကောက်ပွဲဝင် ပါတီများက မဲသမာမှုများကို အခြားသော နည်းလမ်းများဖြင့်လည်း ကန့်ကွက်နေကြသည်။ မိမိသာလျှင် အနိုင်ရ ကိုယ်စားလှယ်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကို သတ်မှတ်ထားသော ဥပဒေနှင့်အညီ တိုင်တန်းခြင်း၊ အာဏာပိုင်များထံ ရွေးကောက်ပွဲ မဲမသမာမှုများအပေါ် မကျေနပ်ကြောင်း စာရေးသား ပေးပို့ခြင်း နည်းလမ်းများအပြင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုကြောင်း ကြေညာချက် ထုတ်ပြန်ခြင်း စသည့် နည်းလမ်းများဖြင့်လည်း မဲသမာမှုများကို လက်မခံနိုင်ကြောင်း ဖော်ပြနေကြသည်။
ယင်းသို့ ကန့်ကွက်မှုများ လုပ်သည့်အထဲတွင် နိုင်ငံရေးပါတီ ၈ ခုနှင့် တသီးပုဂ္ဂလ အမတ်လောင်းများ ပါဝင်နေသည်။
တိုင်းရင်းသား စည်းလုံးညီးညွတ်ရေးပါတီ (တစည)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFNP ၊ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP စသည့် နိုင်ငံရေးပါတီများနှင့်တကွ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများပါ နည်းမျိုးစုံဖြင့် ကန့်ကွက်မှုများ လုပ်နေကြသည်။ အခြားပါတီများကလည်း တိုင်တန်းရန် ပြင်ဆင်နေကြသည်။
သို့သော် လောလောဆယ်တွင် “မိမိသာ အနိုင်ရကြောင်း” တင်ပြချက်ဖြင့်၊ ကော်မရှင်၏ မဲစာရင်း ထုတ်ပြန်ချက်ကို ဥပဒေကြောင်းလမ်းအရ တိုက်ရိုက် စိန်ခေါ်မည့်သူအနေဖြင့် NDF ပါတီမှ အမတ်လောင်း ၂ ဦးသာ ရှိသည်ကို တွေ့ရသည်။
အနိုင်ရ ကိုယ်စားလှယ်ကို ကန့်ကွက်မှု
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၅၊ ပုဒ်မ ၆၇ နှင့် ၆၈ (ခ) တွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အား ကန့်ကွက်လိုပါက ရွေးကောက်ပွဲပြီးသည့်နောက် ရက်ပေါင်း ၆ဝ အတွင်း သတ်မှတ်ထားသော ငွေကြေးပေးသွင်း၍ ကန့်ကွက်နိုင်ကြောင်း ဖော်ပြထားချက်အရ NDF အမတ်လောင်း ၂ ဦးက စိန်ခေါ်ခြင်း ဖြစ်သည်။
ကန့်ကွက်ရာတွင် မိမိသာလျှင် ခိုင်လုံမဲ အများဆုံးရသူ (သို့မဟုတ်) အနိုင်ရသူ၏ ခိုင်လုံမဲများတွင် မဲမသမာမှု ပြုလုပ်၍ ရရှိသောမဲများကို မရေတွက်ပါက၊ မိမိသာ မဲအများဆုံးရသူဟု ကြေညာပေးရန် အကြောင်းပြ ကန့်ကွက်ရမည်။
ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သူတိုင်းသည် နိုင်ငံတော်က ကုန်ကျမည့် “အမှုစရိတ်” အတွက် ငွေ ၁ဝ သိန်းစီ ပေးသွင်းရမည်ဖြစ်ကာ မည်သည့်အကြောင်းနှင့်မျှ ပြန်ထုတ်ယူခွင့် မရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။
NDF ပါတီမှ ကချင်ပြည်နယ် ဖားကန့် ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည့် အမတ်လောင်း ဒေါ်ဘောက်ဂျာနှင့် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ရ တွင် ရှုံးနိမ့်ခဲ့သည့် ရှေ့နေ ဦးသိန်းဇော်ညွန့်တို့က ငွေ ၁ဝ သိန်း အကုန်ကျခံ၍ အမှုရင်ဆိုင်သွားတော့မည်ဖြစ်သည်။
သို့သော် ယင်းသို့ ရဲတိုင်တန်းခြင်းနှင့် ကန့်ကွက်လွှာတင်သွင်းခြင်းတို့၏ နောက်ဆက်တွဲအဖြစ် တိုင်တန်းသူသည် လိမ်လည်တန်းကြောင်း ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ခဲ့ပါက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၃၊ ပုဒ်မ ၆၄ အရ ၃ နှစ်ထက်မပိုသော ထောင်ဒဏ် (သို့မဟုတ်) ၃ သိန်းထက်မပိုသော ဒဏ်ငွေ (သို့မဟုတ်) ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်ခံရနိုင်သည်ဟူသော သတ်မှတ်ချက်လည်း ရှိနေပြန်သည်။
“တိုင်မယ်ဆိုရင်လည်း မဲခိုးထားတဲ့ ပုဂ္ဂိုလ်တွေဆီကို တိုင်ရမှာ။ တိုင်ပြန်တော့လည်း သက်သေမခိုင်လုံဘူးလို့ ဆုံးဖြတ်ရင် ကျမတို့က ထောင် ၃ နှစ်လည်းကျမယ် လျော်ကြေးလည်း ပေးရဦးမယ်။ အကုန်လုံး နစ်နာတာပေါ့။ ကန့်ကွက်လွှာတင်ဖို့ စဉ်းစားပါဦးမယ်” ဟု DP (M) ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
သို့သော် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ UDP ၊ AMRDP၊ DP (M) စသည့် ပါတီများနှင့် မန္တလေးတိုင်းတွင် ရှုံးနိမ့်ခဲ့သည့် NDF အမတ်လောင်းများကမူ ရွေးကောက်ပွဲ မသမာမှုများကို စစ်ဆေးမည့် ခုံအဖွဲ့အပေါ် အယုံအကြည် မရှိသည့်အတွက် ကန့်ကွက်လွှာ တင်သွင်းမည် မဟုတ်ကြောင်း ပြောသည်။
NDF ပါတီ မန္တလေးတိုင်း ဒုဥက္ကဋ္ဌနှင့် ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည့် အမတ်လောင်း ရှေ့နေ ဦးအောင်ခိုင်က “ကန့်ကွက်လွှာတင်ဖို့ အစီအစဉ် မရှိဘူး။ ၁ဝ သိန်း သွင်းရမယ့် ကိစ္စက ငွေကြေးအခက်အခဲ ဖြစ်စေတယ်။ ကျနော်တို့က ဒီရွေးကောက်ပွဲမှာ ကိုယ့်ငွေနဲ့ ကိုယ်သုံးရတယ်။ နောက်ထပ်လည်း ၁ဝ သိန်း ကုန်ရဦးမယ်။ ထွက်လာမယ့် ရလဒ်ကလည်း သူတို့ပဲ ခုံအဖွဲ့ဖွဲ့ပြီး ဆုံးဖြတ်မှာဆိုတော့ ဒီပုတ်ထဲက ပဲ၊ ဒီပဲ ပဲ ဖြစ်မှာဗျ” ဟု ပြောသည်။
AMRDP ဥက္ကဋ္ဌ နိုင်ငွေသိန်းကလည်း “ကြိုတင်မဲကြောင့် ခံရတယ်ဆိုတာတော့ ပြောချင်တာပေါ့။ ထောက်ပြစရာတော့ ရှိတာပေါ့နော်။ တရားတော့ မစွဲနိုင်ဘူးလေ။ ပိုက်ဆံ ဒီလောက်ကုန်တာ” ဟု ဆိုပြန်သည်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP နှင့် ပဲခူးတိုင်းအတွင်း ဝင်ပြိုင်ခဲ့သည့် NDF အမတ်လောင်း ၅ ဦး တို့ကမူ တိုင်ကြားမှု တစုံတရာ လုပ်မည်မဟုတ်ဘဲ၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုနိုင်ဟု ပြတ်သားစွာ ကြေညာထားသည်။
အထက်တွင် ဖော်ပြခဲ့သည့် ရဲကိုတိုင်ကြားထားသည့် အမှု၊ ရွေးကောက်ပွဲ ကော်မရှင်ထံ ငွေသွင်း၍ တိုင်ကြားမှုနှင့် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုကြောင်း ကန့်ကွက်မှု ၃ မျိုးစလုံးတွင် တူညီစွာ ထောက်ပြထားသည့် အချက်ကတော့ ကြိုတင်မဲနှင့် ပတ်သက်သည့် မဲမသမာမှုများပင် ဖြစ်သည်။
ကြိုတင်မဲဖြင့် မဲမသမာမှုများ
ကြံ့ဖွံ့အမတ်လောင်းများကို အနိုင်ရစေခဲ့သည်ဟု ဆိုသည့် ကြိုတင်မဲများနှင့် ဆက်စပ်နေသည့် မဲမသမာမှုများတွင် အဓိက အချက် ၂ ချက်ကို ထောက်ပြကြပြန်သည်။ ရွေးကောက်ပွဲအပြီး ညဘက်ကျမှ ကြိုတင်မဲများ ရောက်ရှိလာသည့် အချက်နှင့် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲ ရယူပုံ ရယူနည်းများတွင် ဥပဒေနှင့် မညီသည့် အချက်များ ဖြစ်ကြောင်း ပါတီများက ထောက်ပြပြောဆိုသည်။
“ည ၁၂ နာရီအထိ အောက်ခြေ ပြည်သူ့ ဆန္ဒမဲတွေ အားလုံး နိုင်ပါတယ်။ ၈ ရက်နေ့မနက် ၄ နာရီ ၅ နာရီလောက်မှာ ဘယ်ကရောက် လာမှန်းမသိတဲ့ ဆာလာအိတ်တွေနဲ့ ရောက်လာပြီးတော့ စာရင်းတွေ ပြုစုတဲ့အခါမှာ နိုင်ပြီးသား ကိုယ်စားလှယ်တွေ အားလုံး တယောက်မှ မကျန်တော့ပါဘူး” ဟု NDF ပါတီ၏ ဥပဒေရေးရာ အဖွဲ့ဝင် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁ဝ၊ ပုဒ်မ ၄၈ (က) တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသည် မိမိနှင့် သက်ဆိုင်သော မဲရုံအသီးသီးအတွက် ဆန္ဒပြုထားသော ကြိုတင်မဲ လက်မှတ်များနှင့် မဲဆန္ဒရှင် အမည်စာရင်းတို့ကို ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် “မဲရုံမဖွင့်မီ” သက်ဆိုင်ရာ မဲရုံမှူးလက်ဝယ်သို့ အရောက်ပို့ပေးရမည်ဟု ဖော်ပြထားသည့်အတွက် ရွေးကောက်ပွဲနေ့ ညနက်ပိုင်းမှ ရောက်ရှိလာသည့် မဲများသည် တရားမဝင်ဖြစ်ကြောင်း ပါတီများက ထောက်ပြပြောဆိုနေကြသည်။
ထို့အပြင် ကြိုတင်မဲ ကောက်ခံရာတွင် ကြိုတင်မဲပေးရန် မလိုအပ်သူများကိုပါ ကောက်ခံခြင်း၊ လျှို့ဝှက်မဲပေးစနစ် မကျင့်သုံးခြင်းနှင့် ကြံ့ဖွံ့ပါတီကို ဖိအားပေး မဲထည့်စေခြင်းတို့ ရှိခဲ့ကြောင်းလည်း ပါတီအများအပြားက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
DP (M) ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြည်သူ့လွှတ်တော်အတွက် သူဝင်ပြိုင်ခဲ့သည့် ကြို့ပင်ကောက်မြို့နယ်တွင် ကြိုတင်မဲအပါအဝင် မဲမသမာမှုများ ရှိခဲ့ကြောင်း မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် ရွေးကောက်ပွဲ ကော်မရှင်များနှင့် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လိပ်မူ တိုင်ကြားထားသည်။
ထို့အတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်သူ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဘိုမောင်းကလည်း ဒီပဲယင်းမြို့နယ်အတွင်း ကြ့ံဖွံ့ပါတီက ကြိုတင်မဲလိမ်ခြင်း၊ မဲဆန္ဒရှင်၏ ကိုယ်ရေးအကျဉ်း ပုံစံစာရွက်ဖြင့် မဲဆွယ်ခြင်းတို့ ကျူးလွန်ခဲ့ပြီး၊ သေဆုံးသူများ၏ အမည်များဖြင့်လည်း ကော်မရှင်က မဲထည့်ခဲ့သည်ဟု မဇ္စျိမကို ပြောထားသည်။
တနင်္သာရီတိုင်း မြိတ်နှင့် ကော့သောင်းမြို့တို့တွင်လည်း ရပ်ကွက်ကော်မရှင်နှင့် အာဏာပိုင်များမှ ပင်လယ်သို့ ငါးဖမ်းထွက်မည့် လှေလုပ်သားများကို ကြံ့ခိုင်ရေးပါတီကို ဖိအားပေးကာ ကြိုတင်မဲထည့်ခိုင်းသဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည က ယင်းမဲများကို ပယ်ဖျက်ပေးရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးများသို့ တိုင်ကြားခဲ့သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဒူကထောင်ရပ်ကွက်၌ ကြိုတင်မဲကောက်ခဲ့ရာတွင် လျှို့ဝှက်မဲပေးစနစ် မသုံးဘဲ လူအများရှေ့မှာပင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကိုယ်တိုင် ကြ့ံခိုင်ရေးကို အမှန်ခြစ် ပေးခဲ့ကြောင်း တစည ပါတီမှ အမတ်လောင်း ဦးလနန်ဘောက်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်း ဗန်းမောက်နှင့်သိန္နီမြို့တွင် ကြိုတင်မဲ ကောက်ခံရာ၌ မဲပေးသူကိုယ်စား ရယက စာရေးများက ကြံ့ဖွံ့ပါတီကို အမှန်ခြစ်ပြီး မဲထည့်စေခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SDNP က မြို့နယ်ကော်မရှင်ကို တိုင်ကြားခဲ့ပြန်သည်။
အလားတူပင် ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း ဒေသအများအပြားတွင် ကြံ့ခိုင်ရေးပါတီနှင့် နယ်မြေ ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းပြီး ဥပဒေမဲ့ ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း NDF ပါတီက ရွေးကောက်ပွဲ မတိုင်မီ တရက်အလိုတွင် နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သည်။
ကြိုတင်မဲ ပေးခွင့်ရှိသူများကို သတ်မှတ်ရာ၌ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၉ ၊ ပုဒ်မ ၄၅ (ခ) (ဂ) နှင့် ပုဒ်မ ၄၆ များတွင် ကြိုတင်မဲပေးခွင့်ရှိသူများမှာ “သက်ဆိုင်ရာ မဲဆန္ဒနယ်မှကျော်၍ ခရီးဝေးသွားရန်ရှိသူူ၊ အနာကြီး ရောဂါစွဲနေသူ၊ ရောဂါပြင်းထန်သူ၊ မီးဖွားနေသူ၊ အသက်ကြီးသူ၊ အချုပ်ခန်းနှင့် အကျဉ်းထောင်တွင် အချုပ်ကျနေသူ၊ ဆေးရုံ၌အတွင်း လူနာအဖြစ် တက်ရောက်နေသူနှင့် မဲစာရင်းရှိရာ ဒေသကို ကျော်လွန်၍ ယာယီ တာဝန်ထမ်းနေရသူ နိုင်ငံ့ဝန်ထမ်း၊ စစ်သား၊ ရဲ” ဟူ၍ ဖော်ပြထားသည်။
ယင်းသို့ ဥပဒေ သတ်မှတ်ချက် ရှိသော်လည်း ရွေးကောက်ပွဲ ကော်မရှင် အာဏာပိုင်အချို့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး ဖွ့ံဖြိုးရေးပါတီတို့က ဥပဒေကို လိုသလို အသုံးပြုမှုများ၊ ဥပဒေပြင်ပ ဆောင်ရွက်ချက်များ ရှိခဲ့ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများက ပြောဆိုစိန်ခေါ်နေခြင်း ဖြစ်သည်။
သို့ရာတွင် နေပြည်တော် ကော်မရှင်အပါအဝင် သက်ဆိုင်ရာ မြို့နယ်၊ တိုင်းကော်မရှင် အသီးသီးက မဲမသမာ တိုင်ကြားချက်များနှင့် ပတ်သက်၍ တစုံတရာ ဖြေရှင်းပေးခြင်းကြောင်း မရှိသေးကြောင်း ရွေးကောက်ပွဲဝင် ပါတီများက ပြောကြသည်။
ဖေါ်ထုတ်ရခြင်း ရည်ရွယ်ချက်
နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ဘက်က အရေးမယူ၊ အကြောင်းမပြန်သည်ဖြစ်စေ လွတ်လပ်ပြီး တရားမျှတခြင်း မရှိသည့် ရွေးကောက်ပွဲအဖြစ် ကမ္ဘာက သိရှိစေရန် ကြိုးပမ်းသည့် အနေဖြင့် ကြိုတင်မဲအပါအဝင် မဲမသမာမှုများကို ဖော်ထုတ်တိုင်ကြားရခြင်းဖြစ်ကြောင်း ပါတီများက ဆိုသည်။
“ကျနော်တို့ပါတီက ရွေးကောက်ပွဲမတိုင်ခင်က တခါ၊ ရွေးကောက်ပွဲပြီး ၁၂ ရက်နေ့က တခါ ကြိုတင်မဲ ကိစ္စတွေနဲ့ မဲမသမာမှုတွေကို မြို့နယ်အလိုက် သေချာအတိအကျ တိုင်ခဲ့ပါတယ်။ ကော်မရှင်က အခုထက်ထိ ဘာမှ အကြောင်းပြန်ကြားတာ မရှိသလို၊ ဘာမှလုပ်ဆောင်ပေးတာလည်း မရှိဘူး” ဟု NDF ပါတီ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္စျိမကို ပြောသည်။
“မဲမသမာမှုတွေကို ကျနော်တို့ အခုလို တိုင်တန်းဖော်ထုတ်ခြင်းဟာ ဒီရွေးကောက်ပွဲဟာ ဘယ်လောက် မလွတ်လပ် တရားမမျှတသလဲဆိုတာ ကမ္ဘာက သိအောင်၊ အားလုံး သိအောင် လုပ်တာပါ” ဟု ၈၈ မျိုးဆက်ပါတီ ဥက္ကဋ္ဌ ကိုရဲထွန်းက ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်ချိုချိုကျော်ငြိမ်းကလည်း “သူတို့က ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်ပါစေ။ ခုလိုတိုင်တန်းခြင်းဟာ ဒီရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုတွေ၊ မသမာမှုတွေ ရှိနေတယ်ဆိုတာကို ပေါ်လွင်ထင်ရှားစေလိုတဲ့သဘောပါ” ဟု ဆိုသည်။
ယခုအခါ မဲမသမာမှုများအတွက် ရဲစခန်းသို့ တိုင်ကြားနိုင်သည့် အချိန်ကာလ ပြီးဆုံးခဲ့သော်လည်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၅၊ ပုဒ်မ ၆၇ နှင့် ၆၈ (ခ) အရ၊ အနိုင်ရ ကိုယ်စားလှယ်ကို ကန့်ကွက်လွှာ တင်သွင်းနိုင်သည့် နောက်ဆုံးရက်မှာ ၂ဝ၁၁ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့ ဖြစ်သောကြောင့် ပါတီများအနေဖြင့် အချိန်ရဦးမည် ဖြစ်သည်။ သို့သော် ငွေ ၁ဝ သိန်း ပေး၍ ကန့်ကွက်မည့်သူ အများအပြား ပေါ်ထွက်လာနိုင်ရန် ခဲယဉ်းနိုင်ကြောင်း ပါတီများက ခန့်မှန်းကြသည်။
တချိန်ထဲတွင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲ မဲသမမာမှုများ အပေါ် သုံးသပ်ချက် (မူကြမ်း) ရေးသားပြီးစီးသွားပြီဟု ဆိုသည်။ အာဏာပိုင်များဘက်မှ မဲမသမာမှုများကို တကယ်တမ်း အရေးယူရန် ရည်ရွယ်သည်ထက် ၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုများကို ဖော်ထုတ်စိန်ခေါ်ရာတွင် တတပ်တအား ဖြည့်ပေးနိုင်ရန်နှင့် NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်၏ စကားအရ “ရွေးကောက်ပွဲ၏ အရုပ်ဆိုးအကျည်းတန်မှုများ” ကို မီးမောင်းထိုးပြရန်သာ အဓိက ရည်ရွယ်ထားပုံရကြောင်း လေ့လာသူများက ဆိုနေကြသည်။