လွှတ်တော်သစ်အတွင်း အမတ်များ၏ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ထားသော ဥပဒေနှင့် ပတ်သက်၍ အနိုင်ရပါတီများ မသိသေးဘဲ ဖြစ်နေသည်။...
ချင်းမိုင် (မဇ္စျိမ) ။ ။ လွှတ်တော်သစ်အတွင်း အမတ်များ၏ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ထားသော ဥပဒေနှင့် ပတ်သက်၍ အနိုင်ရပါတီများ မသိသေးဘဲ ဖြစ်နေသည်။
ရွေးချယ်ခံအမတ်များက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရှိသော်လည်း နိုင်ငံတော် လုံခြံုရေး၊ ပြည်ထောင်စု မပြိုကွဲရေး နှင့် အခြေခံ ဥပဒေကို ချိုးဖောက်ခြင်း မပြုရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုဝင်ဘာ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်ဟု ရန်ကုန်မှလာသော AP သတင်းတရပ်တွင် ဖော်ပြထားသည်။
အစိုးရ ထုတ်ပြန်ချက်တခုကို ကိုးကား ရေးသားထားသော သတင်းတွင် လွှတ်တော်ဝင်းအတွင်း ဆန္ဒပြသူကို ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်ကြောင်းလည်း ပါရှိသည်။ ပထမဆုံး လွှတ်တော် ခေါ်ယူမှုကို နိုဝင်ဘာ ရ ရက်မှသည် ရက် ၉ဝ အတွင်း ပြုလုပ်ရမည်ဖြစ်သည်။
သို့သော်လည်း ပါလီမန်အတွင်း ကန့်သတ်မှု ညွန်ကြားချက်ကို ရွေးကောက်ပွဲ အနိုင်ရပါတီအချို့ မသိကြသေးဘဲ ဖြစ်နေသည်။
“ပါတီတွေလည်း အကြောင်းမကြားဘူး၊ ကျနော်တို့ဆီလည်း ရောက်မလာဘူး။ အမိန့်ထုတ်တယ် ဆိုရင် ကျနော်တို့ကို အကြောင်းကြားရမယ်လေ။ ကျနော်တို့ နေရာကကြည့်ရင် ဒါ တရားမဝင်ဘူး ပေါ့ဗျာ” ဟု သူက မဇ္စျိမကို ပြောသည်။
ဦးရဲထွန်း၏ ပါတီသည် ရန်ကုန်တိုင်း လှိုင်သာယာ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်အတွက် တဦး အနိုင်ရထားသည်။
ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကလည်း အမိန့်ထုတ်ပြန်ခြင်းမှန်လျှင် လွှတ်တော်အတွင်း ပြောဆိုတင်ပြခွင့် ပိုကျဉ်းသွားကြောင်း ဝေဖန်လိုက်သည်။
“ဆန္ဒပြဖို့ လိုအပ်တယ် ဆိုရင်လည်း အစည်းအဝေး ဆက်သွား။ နောက်ရက် မတက်ရုံပေါ့။ လွှတ်တော် တက်တုန်းပဲ ဆန္ဒပြလို့ မရတဲ့သဘော ဖြစ်မှာပေါ့။ ပျက်ကွက်လို့ မရဘူးလို့ မပြောဘူးလေ” ဟု SNDP ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက မဇ္စျိမကို ပြောသည်။ ကျားဖြူပါတီက ၅၇ နေရာ အနိုင်ရထားသည်။
ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်အတွက် ၂ နေရာ အနိုင်ရထားသော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဒုဥက္ကဋ္ဌ ဦးလှသိန်းကလည်း “အဲဒါက ကျနော်တို့ လုံးဝ မသိဘူး။ စာလည်း မရောက်သေးဘူး ခင်ဗျ” ဟု ပြောသည်။
၆ နေရာသာ အနိုင်ရထားသော ကရင်ပြည်သူ့ပါတီ ဗဟိုရုံး တာဝန်ရှိသူ တဦးကလည်း ယင်းအမိန့် ထုတ်သည်နှင့်ပတ်သက်၍ “အကြောင်းမကြားပါဘူး” ဟု ပြောသည်။
နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံး ကျင်းပသော နိုဝင်ဘာ ရ ရက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိခြင်းနှင့် မဲလိမ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံထားရသည်။
မဲရလာဒ်ကို ကြေညာနိုင်ခြင်း မရှိသေးသော်လည်း စစ်အစိုးရ ထူထောင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးက လွှတ်တော်သုံးရပ်လုံးတွင် ရ၆ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရထားသည်ဟု သတင်းများ ထွက်နေသည်။