မြဝတီနှင့် ကော့ကရိတ်တွင် တိုက်ပွဲများ ဆက်ဖြစ်

မြဝတီနှင့် ကော့ကရိတ်တွင် တိုက်ပွဲများ ဆက်ဖြစ်
by -
ကျော်ခ

ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် ယနေ့ မနက်ပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်နှင့် စစ်အစိုးရ တပ်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ် ...

ချင်းမိုင် (မဇ္ဈိမ) ။      ။ ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် ယနေ့ မနက်ပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်နှင့် စစ်အစိုးရ တပ်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ကရင် လက်နက်ကိုင် တပ်များထံမှ သိရသည်။  

မင်းလက်ပန်၊ ဖလူးကြီး၊ ဖလူးလေးတို့မှ တိုက်ပွဲကြောင့် မဲဆောက်မြို့နယ် မဲ့ကိုကင်းကျေးရွာသို့ ယနေ့ ပြန်လည် ရောက်ရှိလာကြသည့် စစ်ပြေး ဒုက္ခသည်များမြဝတီမြို့နယ် ဖလူးကြီးကျေးရွာအနီးတွင် ဒီကေဘီအေမှ ဗိုလ်ကျော်သက် ဦးဆောင်သည့် တပ်များနှင့် စကခ ၁၂၊ နည်းဗျူဟာ ၃ လက်အောက်ခံ တပ်ရင်း (၃) ရင်းနှင့် မနက် ၈ နာရီခန့်မှစ၍ သုံးနာရီခန့်ကြာ ပစ်ခတ်ကြသည်ဟု ဆိုသည်။ “မနက်က သူတို့ဘက်က ၈၁ နဲ့ ၁၂ဝ မော်တာ လက်နက်ကြီးတွေကိုပါ သုံးပြီး ပစ်လာတယ်။ ကျနော်တို့ဘက်ကလည်း ပြန်ပစ်တာတွေတော့ ရှိတယ်။ အသေအပျောက်လည်း ရှိတယ်” ဟု ဒီကေဘီအေ ဗဟိုတပ်ရင်း လက်အောင်ခံ အရာရှိတဦးမှ မဇ္စျိမကို ပြောသည်။

အင်အား ၂၀၀ ကျော်ရှိသည့် ခလရ ၆၁၊ ၅၄၇၊ ၂၃ဝ စစ်အစိုးရ တပ်များသည် ဝေါလေဒေသတွင် အခြေစိုက်သည့် ခလရ ၉၀၇၊ ၄၀၄၊ ၅၄၉ တို့ထံ အင်အားဖြည့်တင်းရန် ရောက်ရှိလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် စနေ့နေ့က လမ်းခရီးတွင် ဒီကေဘီအေ ပျောက်ကျားတပ်များက ခြံုခို တိုက်ခိုက်ခဲ့သည်။

ယမန်နေ့အထိ ၃ ရက်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်အစိုးရဘက်မှ ကျဆုံးသူ ၂ဝ ခန့်နှင့် ဒဏ်ရာရရှိသူ ၃ဝ ကျော်ပြီဖြစ်ကြောင်း ဒီကေဘီအေ ကပြောသည်။ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

အလားတူပင် ကော့ကရိတ်မြို့နယ် ဝေါလေ ကျေးရွာ ဗျူဟာကုန်းအနီးနှင့် စကားဝှက်ကျေးရွာ အနီးတို့တွင် စကခ (၈) လက်အောက်ခံ ခလရ ၉၀၇၊ ၄၀၄၊ ၅၄၉ တပ်ရင်းများနှင့် ကလို့ထူးဖေါ အရန်တပ်ခွဲမှူး ကျော်ဘူး ဦးဆောင်သည့် အဖွဲ့များလည်း ပစ်ခတ်မှုများဖြစ်ကြောင်း KNLA တပ်မဟာ (၆) ၁၀၂ တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က မဇ္စျိမကို ပြောသည်။

မြဝတီမြို့ခံ တဦးက “ ဒီမနက် ဖလူးဘက်မှာ ပစ်တဲ့ လက်နက်ကြီးသံတွေက ကျနော်တို့မြို့ပေါ်က ဒီအတိုင်း ကြားနေရတယ်။ ကျနော်တို့လည်း မြို့ပေါ်မှာ ရောက်လာမှာ ကြောက်တာပေါ့။ ကလေး ကျောင်းသွားပို့တာတောင် မိန်းမကိုလိုက်ပြီး အစောင့်ခိုင်း နေရတယ်” ဟု ပြောသည်။
အခြားမြို့ခံတဦးကလည်း “အသံတွေကြားတော့ လူတွေက အပြင်မထွက်ကြတော့ဘူး။ မထွက်ကြတော့ ဆိုက်ကားသမားတွေ ဆိုက်ကား မနင်းရတော့ဘူး။ ကျနော်တို့ ကားလက်မှတ်ရောင်းတဲ့ လူတွေလည်း ဒီအတိုင်းပဲလေ။ ဒီအသံတွေကြားလို့ ခရီးသည်တွေ မထွက်တော့ လက်မှတ် မရောင်းကြရဘူးလေ။ စားဝတ်နေရေးတွေလည်း ဒုက္ခရောက်တာပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဲကိုကင်း ကျေးရွာသို့ သွားရောက် ခိုလှုံခဲ့ကြသည့် ဒေသခံ ရွာသူရွာသား ၁,၀၀၀ ခန့်ကို ထိုင်းအာဏာပိုင်များက ယမန်နေ့က ပြန်ပို့ပေးခဲ့သော်လည်း ယနေ့မနက် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည် ရောက်လာကြသည်ဟု ထိုင်းလုံခြံုရေး အရာရှိတဦးက ပြောသည်။ သို့သော် အရေအတွက်ကိုမူ ပြောပြနိုင်ခြင်း မရှိသေးပေ။

ကရင်ပြည်နယ်အတွင် စစ်အစိုးရတပ်များ အင်အားတိုး နေရာယူလာမှုများ ရှိနေသဖြင့် နောက်ပိုင်း ရက်များတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာနိုင်ကြောင်း ဒီကေဘီအေနှင် ကေအန်ယူတို့က ပြောဆိုနေကြသည်။