ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး

ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
by -
မြင့်မောင်

ရန်ကုန်ရှိ ကဗျာဆရာ၊ သီချင်းရေး ဆရာနှင့် ပန်းချီဆရာများ စုစည်းပြီး တောင်ဒဂုံ ၃၇၆ မိသားစုဂေဟာမှ HIV/AIDS နှင့် အတူ နေထိုင်သူများကို ယနေ့ နေ့လည် လာရောက် အားပေးခဲ့ ...

နယူးဒေလီ(မဇ္စျိမ)။     ။ ရန်ကုန်ရှိ ကဗျာဆရာ၊ သီချင်းရေး ဆရာနှင့် ပန်းချီဆရာများ စုစည်းပြီး တောင်ဒဂုံ ၃၇၆ မိသားစုဂေဟာမှ HIV/AIDS နှင့် အတူ နေထိုင်သူများကို ယနေ့ နေ့လည် လာရောက် အားပေးခဲ့သည်။

နိုဝင်ဘာ ၂၈ နေ့လယ် ၂ နာရီခွဲက တောင်ဒဂုံမှ မဖြူဖြူသင်း ဦးဆောင်သော HIV/AIDS နှင့် အတူ နေထိုင်သူများ အိမ်တွင် ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများက ဝေဒနာရှင်များအတွက် စာအုပ်များ ဝေငှစဉ် (ဓာတ်ပုံ-မဇ္ဈိမ)။လူနာများအတွက် စာကြည့်တိုက် တည်ထောင်နိုင်ရန် စာအုပ်များနှင့် အလှူငွေ ကျပ်ငွေ ၂ သိန်းကျော် လှူခဲ့သည်ဟု သိရသည်။

“ကျနော်တို့ရဲ့ ကဗျာရေးခ၊ သီချင်းရေးခ၊ ပန်းချီသရုပ်ဖော်ခတွေ စုဆောင်းပြီး မဖြူဖြူသင်း ဦးဆောင် စောင့်ရှောက်ထားတဲ့ တောင်ဒဂုံက HIV/AIDS ဝေဒနာရှင်တွေကို လှူဒါန်းခဲ့တယ်။ မဖြူဖြူသင်း၊ ဦးဝင်းတင်၊ ကိုရာဇာတို့က အလှူငွေ လက်ခံယူပါတယ်” ဟု ကဗျာဆရာ ကိုငြိမ်းသစ်က ပြောသည်။

သူက ဆက်ပြီး “အလှူငွေ ထည့်တဲ့အထဲမှာ တေးရေး ကိုစံလင်း၊ ကိုရဲထွဏ်းတို့ အားလုံး ပါပါတယ်။ သူတို့ကတော့ ဖျော်ဖြေရေး ဝိုင်းတွေရှိတဲ့အတွက် မလိုက်နိုင်ပါဘူး” ဟုပြောသည်။

ကဗျာဆရာ ငြိမ်းသစ်မှာ ၁၉၉၉ မှ ၂ဝဝ၇ အတွင်း အင်းစိန်နှင့် မော်လမြိုင်ထောင်တွင် အကျဉ်းကျနေစဉ် သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) မှ ၂ဝဝ၄ ခုနှစ် နိုင်ငံတကာ သတင်း လွတ်လပ်ခွင့် ဆုကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ တေးရေးဆရာ ဂစ်တာဆရာ ကိုတိုးလွင်ကလည်း “ကျနော်တို့ အားလုံး ရောဂါရှိရှိ၊ မရှိရှိ တနေ့တော့ သေကြရမှာပဲ။ ဝေဒနာရှင်တွေလဲ လူသားတွေ ဖြစ်တဲ့အတွက် လူသားအချင်းချင်း ကူညီ စောင့်ရှောက်ခြင်းဆိုတာ မင်္ဂလာ တပါးပါပဲ။ အဲဒီအတွက် ကျနော်တို့ တတ်စွမ်းတဲ့ ငွေကြေးနဲ့ လုပ်အားဒါန၊ စာပေဒါန၊ ဂီတဒါနတွေ လာဖြည့်ဆည်းတာပါ” ဟု ပြောသည်။

ကိုတိုးလွင်နှင့် တေးရေးဆရာ ပန်းချီဆရာ ကိုညီညီလွင်တို့က HIV/AIDS နှင့် အတူနေထိုင်သူများကို HIV တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

စစ်ကောင်း၊ ဟိန်းမြတ်ဇော်၊ ဝေးခေါင်၊ ဇော်မိုးလွင်၊ ပိုင်သစ်လွင်၊ ကြည်မောင်သန်း (ခေါ်) ကိုလှသန်းစသည့် ကဗျာဆရာ၊ စာရေးဆရာများ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာ စုစုပေါင်း ၂ဝ ကျော် သွားအားပေးခဲ့ကြသည်။

ယခုလို ကဗျာဆရာ၊ စာရေးဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ လာအားပေးသည့်အတွက် ဝေဒနာရှင်များ အထူး ဝမ်းသာနေကြကြောင်းနှင့် သီချင်း လိုက်ဆိုကြကြောင်း ကဗျာဆရာ ကိုငြိမ်းသစ်က ပြောဆိုသည်။

Most read this week