ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နှင့် (၁၃) မိုင်အကွာ ကြိမ်ချောင်း မရောက်ခင် ဇီးပင်အရှေ့တဲသုံးလုံးတွင် မြန်မာစစ်အစိုးရ ခလရ (၄၀၆) တပ်ရင်းနှင့် ဗိုလ်မှူး စောအေဝမ်းဦးစီး ဒီကေဘီအေတို့ ...
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နှင့် (၁၃) မိုင်အကွာ ကြိမ်ချောင်း မရောက်ခင် ဇီးပင်အရှေ့တဲသုံးလုံးတွင် မြန်မာစစ်အစိုးရ ခလရ (၄၀၆) တပ်ရင်းနှင့် ဗိုလ်မှူး စောအေဝမ်းဦးစီး ဒီကေဘီအေတို့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ ( ၃) နာရီ (၁၀) မိနစ်အချိန်မှာ မိနစ် (၂၀) ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများမှ ပြောပါသည်။
စစ်အစိုးရတပ် ခလရ (၄၀၆) တပ်ရင်း အင်အား (၁၀၇) ယောက်နှင့် ခြံုခိုတိုက်ပွဲ ဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက်က တစ်ယောက် ကျဆုံးပြီး နှစ်ယောက် ဒါဏ်ရာရသည်ဟု ဗိုလ်မှူး စောအေဝမ်းမှ ပြောပါသည်။
“နအဖတပ်နဲ့ ကျွန်တော်တို့ အဖွဲ့တွေ တဲ (၃) လုံးမှာ ပစ်ကြတယ်နော်။ (၁၅) မိနစ် မိနစ် (၂၀) လောက် ရှိတာပေါ့။ တိုက်ပွဲ ဖြစ်တာ။ သူတို့ ဘက်က တစ်ယောက် ကျဆုံးပြီး နှစ်ယောက် ဒဏ်ရာရတယ်။ အဲဒီ (၄၀၆) အဖွဲ့တွေပေါ့။ သူတို့ဟာ ရင်ဘောင်တန်းတက်ပြီး လာတယ်လေ။ ရွာမဝင်ခင်မှာ ကျွန်တော်တို့ အဲဒီမှာ ပစ်ခဲ့တယ်။”
ဘုရားသုံးဆူမှ ခလရ (၄၀၅) နှင့် (၄၀၆) တပ်ရင်း နှစ်ရင်းသည် ကြိမ်ချောင်းသို့ စစ်ချီတက်ရာတွင် တဲသုံးလုံးတွင် ရောက်နေသော ဗိုလ်မှူး စောအေဝမ်းတို့က ကြိုတင် သတင်းရ၍ ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ခလရ (၄၀၆) သည် ကြိမ်ချောင်းသို့ ခရီးဆက်ရန်အတွက် လူနာထမ်းရန် တဲသုံးလုံးတွင် ပေါ်တာများ လိုက်လံဖမ်းဆီးနေသည်ဟု မော်တော်ဆိုင်ကယ် အငှါးမောင်းသူတစ်ဦးမှ ပြောပါသည်။
ယခု အနေအထား၌ ဘုရားသုံးဆူမြို့နဲ့ ၀န်းကျင်ဒေသတွင် မြန်မာစစ်အစိုးတပ်မှ တပ်အင်အား (၅) တပ်ရင်းအား ဖြည့်ထားပြီး ခွဲထွက်သွားသည့် ဒီကေဘီအေတပ်နှင့် ကေအန်ယူ ခေါ် ကရင်အမျိုးသားအစည်းအရုံးတပ်ဖွဲ့များကို လိုက်လံထိုးစစ်ဆင်နေသည့် အခြေအနေကြောင့် တိုက်ပွဲတွေ ထပ်မံပြင်းထန်လာဦးမည်ဟု ထိုင်းနယ်စပ် စစ်ရေး အကဲခတ်သူများမှ ပြောပါသည်။
တောတွင်း လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း တောတွင်း ပျောက်ကြား စစ်ဆင်ရေးသာမက မြို့တွင်း ပျောက်ကြားစံနစ်ပါ လုပ်ဆောင်လာနိုင်မည့် အနေအထားမှာ ရှိသည့်အတွက် မြို့ခံပြည်သူများ၏ လုံခြံုရေး အခြေအနေသည် အာမခံချက် မရှိနိုင်သေးသလို အကယ်၍ တိုက်ပွဲ ပြင်းထန်လာလျှင် စစ်ပြေးဒုက္ခသည်များ ပိုပြီး တိုးလာမည့် အနေအထားမှာ ရှိနေသည်ဟု ပြောဆိုမှုများ ရှိနေပါသည်။