ချင်းပြည်နယ် တွန်းဇံမြို့မှ တီးတိန်မြို့သို့အလာ ခရီးသည်တင် ဘတ်စ်ကားတစီး ယနေ့ နေ့လည်တွင် တိမ်းမှောက်သဖြင့် အနည်းဆုံး ခရီးသည် ၁၄ ဦး သေဆုံးကြောင်း ဒေသခံများအဆိုအရ သိရ ...
နယူးဒေလီ (မဇ္စျိမ) ။ ။ ချင်းပြည်နယ် တွန်းဇံမြို့မှ တီးတိန်မြို့သို့အလာ ခရီးသည်တင် ဘတ်စ်ကားတစီး ယနေ့ နေ့လည်တွင် တိမ်းမှောက်သဖြင့် အနည်းဆုံး ခရီးသည် ၁၄ ဦး သေဆုံးကြောင်း ဒေသခံများအဆိုအရ သိရသည်။
တီးတိန်ရောက်ရန် ၁ဝ မိုင်ခန့်အလို တောင်ပေါ်လမ်းကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တောင်အောက် ပေ ၁ဝဝ ခန့်အထိ ထိုးကျသွားရာ ခရီးသည် ၁၂ ဦး ပွဲချင်းပြီး သေဆုံးကာ၊ ၃ဝ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆေးရုံအရောက် ၂ ဦး ထပ်မံသေဆုံးကြောင်း သိရခြင်း ဖြစ်သည်။
“လူတင်တာ များတယ်။ ကားကလည်း မြန်တယ်ဆိုတော့ အရှိန်မထိန်းနိုင်တော့ လမ်းအကွေ့မှာ မှောက်သွားတာပါ” ဟု တီးတိန်မြို့သား ဦးကမ်လျံက မဇ္စျိမကို ပြောသည်။
ခရီးသည်အများအပြား ဒဏ်ရာရရှိပြီး ၃ဝ ကျော်မှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတင်ထားရကြောင်းနှင့် သေဆုံးသူ ၁၄ ဦး၏ ရုပ်အလောင်းများကို ယနေ့ ညနေ ၅ နာရီခန့်တွင် တွန်းဇံသို့ သယ်ဆောင်သွားကြောင်း ကိုယ်တိုင်မြင်တွေ့သူ မြို့ခံတဦးက ပြောသည်။
ဒေသခံတဦးကမူ သေဆုံးသူ ၁၆ ယောက်အထိရှိသည်ဟု ပြောသည်။
ခရီးသည်များသည် တီးတိန်တွင် ကျင်းပနေသော ချင်းစာပေ အနှစ် ၁ဝဝ ပြည့်ပွဲသို့ လာရောက်သူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“တီးတိန်မြို့ပေါ်ကနေ ကားမှောက်တာ သိတဲ့သူတွေ လာတယ်။ ပွဲမှာလာတဲ့ ကားတွေနဲ့လည်း ကယ်ဆယ်ရေး လာလုပ်ကြတယ်။ ကိုယ်ပိုင်ဆိုင်ကယ်တွေနဲ့လည်း ကယ်ဆယ်ရေး လုပ်ကြတယ်” ဟု ဦးကမ်လျံက ပြောသည်။
ခရီးသည် ၈ဝ ခန့် တင်ဆောင်လာသည့် ချင်းတောင်တန်းအမည်ရ မှန်လုံဘတ်စ်ကားကို စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်၌ နေထိုင်သည့် ဦးကျင်ပူ ပိုင်ဆိုင်သည်။