နယ်စပ်တဝိုက်သုံး ထိုင်းလက်ကိုင်ဖုန်းများကို နအဖ အာဏာပိုင်တို့သိမ်း

နယ်စပ်တဝိုက်သုံး ထိုင်းလက်ကိုင်ဖုန်းများကို နအဖ အာဏာပိုင်တို့သိမ်း
by -
သျှမ်းသံတော်ဆင့်

ယခင်အပတ်မှ စ၍ သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့နယ်ခွဲ ဒေသခံများထံမှ ထိုင်းလက်ကိုင်ဖုန်း အလုံး ၆၀ ကျော်ကို အာဏာပိုင်များ ဖမ်းဆီး သိမ်းယူသည်ဟု နယ်စပ် သတင်းရပ်ကွက်က ဆို ...

ယခင်အပတ်မှ စ၍ သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့နယ်ခွဲ ဒေသခံများထံမှ ထိုင်းလက်ကိုင်ဖုန်း အလုံး ၆၀ ကျော်ကို အာဏာပိုင်များ ဖမ်းဆီး သိမ်းယူသည်ဟု နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

ထိုင်းလက်ကိုင်ဖုန်းများ“ရွေးကောက်ပွဲလောက်က စပြီး အခြေအနေက ကြပ်နေတာ။ ပြည်ပကို သတင်းတွေ ရောက်မှာ စိုးလို့ နေမှာပေါ့။ အလုံးပေါင်း ၆၀ လောက် သိမ်းယူသွားတယ်။ စင်းမ်းကဒ်တွေရောဘဲ။ တချို့တော့ ဖုန်းဘဲ ယူသွားတယ်။ တချို့ကိုတော့ လူပါ ခေါ်မေးတယ်” ဟု  နယ်စပ်ရောက် မိုင်းတုံဒေသခံတဦးက ပြောသည်။    

နယ်စပ်ဒေသတဝိုက် ပြည်ပလက်ကိုင်ဖုန်းများ အသုံးပြုလာကြသည်မှာ မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင်ဒေသများသာ မဟုတ်။ သျှမ်းပြည် အရှေ့ပိုင်းတွင် မိုင်းဖြတ်၊ တာလေ၊ မိုင်းဖုန်း၊ တာချီလိတ်တို့၌လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေ၏။

သျှမ်းပြည်မြောက်ပိုင်းတလွှား မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရှူး မြို့နယ်များနှင့် အရှေ့ပိုင်း NDAA-ESS မိုင်းလား၊ UWSA  ၀ ထိန်းချုပ်နယ်မြေတို့တွင်  တရုတ်အိမ်ဖုန်း၊ လက်ကိုင်ဖုန်းများ တွင်တွင်ကြီး အသုံးပြုခဲ့ကြသည်မှာ ၁၀ နှစ်ကျော်ခန့် ရှိပြီ ဖြစ်၏။

“ပြည်ပလက်ကိုင်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးနေတာဟာ ဒေသခံလူထုအတွက် သာမက အာဏာပိုင်တွေအတွက်ပါ အကျိုးရှိတာဘဲ။ နေရာတိုင်း မြို့နယ်တိုင်းမှာ အာဏာပိုင်တွေ၊ အရာရှိတွေ ကိုယ်တိုင်က သုံးနေတာ။ အစိုးရ ထုတ်ပေးတဲ့ ဖုန်းထက်သုံး လွယ်တယ်။ စျေးလည်း ပေါတယ်လေ” ဟု နယ်စပ်နေ အသက် ၅၀ ကျော် ပုဂ္ဂိုလ်တဦးက ပြောသည်။

ပုံပါကျင် လက်ကိုင်ဖုန်း သိမ်းယူမှုသည် ၁- ရွေးကောက်ပွဲသတင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သတင်းများ အဆက်မပြတ် ထွက်ပေါ်နေခြင်းကို ပိတ်ပင်လိုခြင်း၊ ၂- ပြည်ပလက်ကိုင်ဖုန်းများ ပေါ်ထင်တွင် ကျယ်စွာ ပြန့်ပွါးလာမှုကို တားမြစ်လိုခြင်းအပြင်  ၃- ရိုက်စားလာဘ်ထိုးငွေ တိုးမြှင့်ရယူလိုခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆို၏။

“လာဘ်ထိုးငွေ တိုးရချင်တယ် ဆိုတာက ကားလိုင်စင် လုပ်ပေးသလိုပေါ့။ ဘာမှ ကြိုတင်အသိပေးအကြောင်းကြားတာမ ဟုတ်ဘဲ  လုပ်ပေးလိုက်ရပ်လိုက်။ နောက်ပိုင်း လိုင်စင်မဲ့ ကားတွေ ဖမ်းလိုက်။ ကားပိုင်ရှင်တွေလဲ အဖမ်းမခံရအောင် လာဘ်ထိုးတယ်။ ခွံ့ကျွေးတယ်။ အခုလဲ အဲလိုဘဲ။ လက်ကိုင်ဖုန်းတွေ ဖမ်းတာလဲ အတူတူ အနူနူဘဲ” ပြည်ပလက်ကိုင်ဖုန်း ကိုင်ဆောင်အသုံးပြုနေသည်မှာ သျှမ်းပြည်မှတင်မက တနင်္သာရီတိုင်း၊ ကယားပြည်၊ ကရင်ပြည်၊ မွန်ပြည်၊ ရခိုင်ပြည်နှင့် ကချင်ပြည်နယ်စပ်မြို့များ၌လည်း ထိုင်း၊ တရုတ်၊ အိန္ဒိယ လက်ကိုင်းဖုန်း အများအပြား အသုံးပြုနေသည်ကို တွေ့ရှိရသည်။

Most read this week