ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများတွင် ဒေါ်ဆောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ယနေ့ ပြောဆိုသည်။ ...
ရန်ကုန် (မဇ္စျိမ)။ ။ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများတွင် ဒေါ်ဆောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ယနေ့ ပြောဆိုသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ဥက္ကဋ္ဌ ဦးသုဝေ ခေါင်းဆောင်သော ၈ ဦးအဖွဲ့က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် တွေ့ဆုံခဲ့ပြီး ပူးပေါင်း ဆောင်ရွက်ရေး သဘောတူခဲ့ခြင်း ဖြစ်သည်။
“ ကျနော်တို့ပါတီက ဦးနေဖူးဗဆွေက တနင်္သာရီတိုင်းမှာ ဝင်ပြိုင်ခဲ့တယ်။ အဲဒီတိုင်းမှာ ဖြစ်နေတဲ့ အနေအထားတွေကို သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြတယ်။ ဒါကြောင့် ပညာရေးနဲ့ ကျန်းမာရေးကို အရင်ဆုံး အကောင်အထည် ဖော်ကြဖို့ကို သဘောတူတာ ဖြစ်တယ်’’ ဟု ဦးသုဝေက မဇ္စျိမကို ပြောသည်။
တနင်္သာရီတွင် ပညာရေးနှင့် ကျန်းမာရေး နိမ့်ကျမှုများကို ကိုယ်တိုင်တွေ့ခဲ့သူ ဦးနေဖူးဗဆွေ (ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သား) က ရှင်းလင်းပြောကြားခဲ့ရာမှ ယင်းတိုင်းဒေသတွင် ကနဦး အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။
“ အကောင်အထည်ဖော်မယ့် ကာလကတော့ တပတ်အတွင်းလို့ ပြောပါတယ်။ တနင်္သာရီတိုင်းမှာ NLD လူငယ်တွေ ရှိတယ်။ အခုလည်း သူတို့က ရန်ကုန်ကို ရောက်နေတယ်လေ။ ဒါ့ကြောင့် အဲဒီတိုင်းဒေသကို အရင်ဆုံး လုပ်ဖို့ စီစဉ်တာ ဖြစ်မယ်။ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ပြန်ပြီး ဆက်သွယ်မှာပါ’’ ဟု ဦးသုဝေက ဆိုသည်။
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်ကလည်း ''အဲဒီကိစ္စအတွက် ရက်ကိုတော့ အတိအကျ မသိရသေးဘူး။ အမြန်ဆုံး ဆောင်ရွက်ဖို့ လုပ်နေတယ်'' ဟု ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလ ၁၃ ရက်နေ့တွင် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် DPM နှင့် တွေ့ဆုံမှုသည် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီနှင့် စတင်တွေ့ဆုံခြင်း ဖြစ်သည်။
ဦးသုဝေနှင့်အတူ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဗဆွေ၊ ဦးအောင်ငြိမ်း၊ ဦးနေဖူးဗဆွေ၊ ဦးလှဋ္ဌေးနှင့် ဦးထွန်းလှိုင် စသည့် DPM ခေါင်းဆောင်များ အန်အယ်ဒီရုံးသို့ သွားရောက်ခဲ့ပြီး၊ NLD ဘက်မှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ပါတီခေါင်းဆောင်အချို့ တက်ရောက် ဆွေးနွေးခဲ့သည်။
ယခုလ ၁၉ ရက်နေ့တွင် ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်း ၁၂ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ရာ NLD ၏ လူမှုရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောဆိုခဲ့ကြသေးသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် စုစုပေါင်း ၃၇ ပါတီ ဝင်ပြိုင်ရာ DPM သည် ပါတီဥက္ကဋ္ဌ ဦးသုဝေ သာမက အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု၊ အတွင်းရေးမှူးများဖြစ်သော ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ဒေါ်နေရည်ဗဆွေတို့ပါ ရှုံးနိမ့်ခဲ့ကြသည်။ တိုင်းနှင့် ပြည်နယ်အတွက် အမတ်နေရာ ၃ နေရာ ရရှိခဲ့သည်။