ကရင်နီပြည် ရှားတောမြို့နယ် ဟွေ့ပူးလောင်း ဒေသ၌ အခြေစိုက် လှုပ်ရှားနေသော နယ်ခြားစောင့်တပ် အမှတ် ၁၀၀၅ တပ်ရင်းမှ တပ်သားတဦးဖြစ်သူ ကွားလယ်သည် ၎င်းအထက် အရာရှိများ၏ ဖိနှိပ်မှု ...
ကရင်နီပြည် ရှားတောမြို့နယ် ဟွေ့ပူးလောင်း ဒေသ၌ အခြေစိုက် လှုပ်ရှားနေသော နယ်ခြားစောင့်တပ် အမှတ် ၁၀၀၅ တပ်ရင်းမှ တပ်သားတဦးဖြစ်သူ ကွားလယ်သည် ၎င်းအထက် အရာရှိများ၏ ဖိနှိပ်မှုများကို မခံနိုင်သဖြင့် နိုဝင်ဘာလ ၉ ရက်နေ့က ကရင်နီတပ်မတော်ထံ ထွက်ပြေးရောက်ရှိခဲ့သည်။
မူရင်းအဖွဲ့ ဖြစ်သော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် အသက် (၂၀) ရှိ ကွားလယ်သည် ၎င်းတပ်တွင်း၌ နေထိုင်ရာမှာ အထက်အရာရှိ တပ်ဗိုလ်တပ်မှူးများ၏ ထိုးကြိတ်မှု၊ ရိုက်နှက်မှုနှင့် အပြစ်ပေး ဒစ်ခတ်မှုများကို ခံနေရသဖြင့် ထွက်ပြေးရခြင်း ဖြစ်သည်ဟု ပြောသည်။
“တခုခု မှားတယ်ဆိုရင် အပြစ်ဒဏ် အများကြီး ပေးတယ်။ ကျနော့်ကိုလည်း ထိုးကြိတ်ထုထောင်းတယ်။ ကျနော် သူတို့ အမိန့် နာမခံနိုင်တော့လို့ ထွက်ပြေးလိုတယ်။ အရင်က ခေါင်းတွေ၊ ခြေထောက်တွေကို ကြိမ်တုတ်နဲ့ ရိုက်ခဲ့တဲ့ ဒဏ်ရာတွေ အခုထိ ကျန်းခဲ့တယ်”ဟု သူက ပြောပါသည်။
ထို့အပြင် တပ်တွင်းတွင် တပ်စခန်းအတွက် ကတုတ်ကျင်း တူးခြင်း၊ ဆက်သွယ်ရေးမြောင်း ဖောက်ခြင်း၊ သစ်၊ ၀ါးများ သွားရောက်ခုတ်ယူပြီး ဆောက်လုပ်ခြင်းနှင့် စိုက်ပျိုးရေး ခြံထဲ၌ မြက်ပင်များ ရှင်းလင်းခြင်း စသည့် အလုပ်များကို လုပ်နေရကြောင်း သူက ဆက်ပြောသည်။
ယခုနှစ်အတွင်း ကရင်နီပြည်တွင်းရှိ နယ်ခြားစောင့်တပ်မှ ကရင်နီတပ်ထဲသို့ ထွက်ပြေးရောက်ရှိလာသော တပ်ဖွဲ့ဝင်များသည် ယခုတဦး အပါအဝင် ၈ ဦး ရှိပြီ ဖြစ်သည်။ ယခင် ထွက်ပြေးလာသော တပ်ဖွဲ့ဝင်များသည် ၎င်းတို့နှင့်အတူ လက်နက်နှင့် ခဲယမ်းမီးကျောက်များ စုံလင်စွာ ပါလာလေ့ရှိသော်လည်း ယခု တဦးမှာမူ မပါလာပေ။
ကရင်နီတပ်ထဲသို့ နယ်ခြားစောင့်တပ်များ ထွက်ပြေးလာခြင်းနှင့် ပတ်သက်၍ လက်ခံထားကြောင်း၊ ၎င်းတပ်ဖွဲ့ဝင်များသည် ကရင်နီတပ်မတော်တို့နှင့်အတူ တော်လှန်ရေး အလုပ်ကို ဆက်လုပ်လိုလျှင် လုပ်နိုင်သလို ဆန္ဒမရှိလျှင်လည်း အရပ်သားပြည်သူလို ပြန်လည်နေထိုင်နေကြောင်း ကရင်နီတပ်မတော် စစ်ဦးစစ်ချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။
၎င်းက “ထွက်ပြေးလာတဲ့ နယ်ခြားစောင့်တပ်တွေကို ကျနော်တို့ ကောင်းကောင်းလက်ခံထားတာပဲလေ။ သူတို့က ကျနော်တို့နဲ့အတူ အလုပ်ဆက်လုပ်ချင်ရင် လုပ်လို့ ရတယ်။ မလုပ်ချင်ရင် သွားလို့ ရတာပဲလေ” ဟု ပြောသည်။
ကွားလယ်သည် ကလလတထဲသို့ ၂၀၀၆ ခုနှစ်တွင် စတင်ဝင်ရောက်လာခဲ့ပြီး လွိုင်ကော်မြိို့နယ်နှင့် ပိန်းချစ်တို့တွင် လှုပ်ရှားခဲ့ပါသည်။ ထို့နောက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကလလတမှ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ကြီးမြို့၌ နယ်ခြားစောင့်တပ်သင်တန်းကို တလခွဲ သွားရောက်တက်ခဲ့ပြီး ဟွေ့ပူးလောင်းဒေသတွင် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။
ဟွေ့ပူးလောင်းဒေသရှိ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၅ တပ်ရင်းတွင် တပ်ခွဲ ၃ ခွဲ ရှိပြီး တပ်ရင်းမှူး ဆီးမိုးနယ် ဦးဆောင်ပါသည်။ ၎င်းတပ်ခွဲများ အောက်တွင် တပ်ခွဲမှူး ဇော်ဇော်၊ တပ်ခွဲမှူး တော်ညိုနှင့် တပ်ခွဲမှူး လွီးဇီတို့ ဦးဆောင်သည့် တပ်စိတ် ၉ စိပ် ရှိပါသည်။ အဆိုပါ တပ်စိတ်များအနက် ကွားလယ်သည် မောင်မြင့် ကြီးကြပ်သည့် တပ်စိတ် ၂ မှ ဖြစ်သည်။
မြန်မာစစ်အစိုးရမှ ဖွဲ့စည်းပေးသော နယ်ခြားစောင့်တပ်ဖွဲ့တွင် တပ်ရင်းအလိုက် လူအင်အား ၃၂၆ ဦး ထားရှိပြီး တပ်ရင်းတိုင်းတွင် အစိုးရတပ်မှ အရာရှိ ၄ ဦးနှင့် အခြားအဆင့် ၂၆ ဦးတို့ ပါ၀င်သည်။ နယ်ခြားစောင့်တပ်များကို စစ်အစိုးရတပ်က တိုက်ရိုက်ကွပ်ကဲသွားသည့်အပြင် လစာနှင့် ရိက္ခာများကိုလည်း အစိုးရက တာဝန်ယူထားသည်။