ရွေးကောက်ပွဲ ကော်မရှင် ရယကများကြွေးကို ပြန်ဆပ်ရန် ပျက်ကွက်

ရွေးကောက်ပွဲ ကော်မရှင် ရယကများကြွေးကို ပြန်ဆပ်ရန် ပျက်ကွက်
by -
မင်းဆက်ခိုင်

ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကာလအတွင်း ကျေးရွာ ရယက ဥက္ကဌများနှင့် ရယက စာရေးများ အသုံးပြုခဲ့သော ငွေများကို ပြန်လည် ပေးဆပ်ရန် ပျက်ကွက် နေ ...

ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကာလအတွင်း ကျေးရွာ ရယက ဥက္ကဌများနှင့် ရယက စာရေးများ အသုံးပြုခဲ့သော ငွေများကို ပြန်လည် ပေးဆပ်ရန် ပျက်ကွက် နေသဖြင့် ရယကများမှာ ကြွေးတင်ပြီး ဒုက္ခ ရောက်နေ ကြရကြောင်း သတင်း ရရှိသည်။

2010_electionထိုကဲ့သို့ ကြွေးတင် ဒုက္ခရောက််နေကြောင်းကို ရယက ဥက္ကဌ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ရပ်ကွက် ကျေးရွာ အလိုက် ကုန်ကျတာမူက မတူကြပါဘူး။ လူဦးရေ များရင် များသလို နည်းရင် နည်းသလိုပါ။ တချို့ကျေးရွာကြီးတွေမှာ ဆိုရင် မြို့ပေါ်တက်ပြီး ကွန်ပျူတာ စာစီ စာရိုက်ရတာတို့၊ မိတ္တူကူး တာတွေ လုပ်ရတဲ့ အတွက် ခရီးစရိတ်တွေ အပါအဝင် ဆိုရင် ကျပ် ၄သိန်းလောက် ကုန်ကျ ခဲ့ပါတယ်။ ခုလို ကုန်ကျခဲ့တဲ့ ငွေတွေကို အခုအချိန်ထိ ရွေးကောက်ပွဲ ကော်မရှင်က ပိုက်ဆံ တပြားမှ မပေးသေးတဲ့အတွက် ကျွန်တော်တို့မှာ ကြွေးတင်ပြီး ဒုက္ခရောက်နေကြရပါတယ်။”

ရပ်ကွက် ကျေးရွာ အလိုက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ မဲစာရင်း တင်သွင်းရန် အတွက် မိမိထံမှ ငွေစိုက် ပြုလုပ်ခဲ့ရခြင်းနှင့် ပတ်သက်၍ သူက ယခုကဲ့သို့ ဆက်ပြောသည်။

“ ရွေးကောက်ပွဲ မတိုင်မှီက ရွေးကောက်ပွဲ ကော်မရှင်ကို ရပ်ကွက်ကျေးရွာ အလိုက် မဲစာရင်းတွေ တင်သွင်း ခဲ့ရပါတယ်။ မဲစာရင်း တစောင်ကို ၁၂ စောင်စီ မိတ္တူ ကူးခဲ့ရပါတယ်။ မဲစာရင်း စာအုပ်က ၁၂ အုပ် လုပ်ရပါတယ်။ ကွန်ပျူတာ စာစီ စာရိုက်ခတွေ၊ မိတ္တူခတွေနဲ့ ဆိုရင် ကျွန်တော်နဲ့ ရယက စာရေးဆီက ကျပ်ငွေ ၂သိန်းလောက် ကုန်ကျခဲ့ပါတယ်။ လက်နှိပ်စက်နဲ့ ရိုက်တာတောင် စာရွက် တမျက်နှာကို ၂၅၀ကျပ်ပေး ရပါတယ်။ ခရီး စရိတ် တွေပါ ပေါင်းရင် ကျပ် ၄ သိန်းခန့် ကုန်ကျ ခဲ့ပါတယ်။”

ရွေးကောက်ပွဲ မတိုင်မှီ နိုဝင်္ဘာလ ၄ရက်နေ့က ရွေးကောက်ပွဲ နေ့တွင် ကုန်ကျမည့် နေ့တွက် ကုန်ကျ စရိတ် စာရွက်တွင် ထုတ်ပေးငွေ ကိန်းဂဏန်းကို ရေသားဖေါ်ပြထားခြင်း မရှိဘဲ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ စာရေးများမှ လက်မှတ်ရေးထိုးခဲ့ကာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပေး ခဲ့ကြရသည်ဟု အမည် မဖေါ်လိုသူ စာရေးတဦးက ပြောသည်။

“ရွေးကောက်ပွဲနေ့မှာ ကုန်ကျတဲ့ငွေစာရင်းဆိုပြီးတော့ လက်မှတ် ရေးထိုး ပေးခဲ့ရပါတယ်။ ပုံစံ(၄)နဲ့ ပုံစံ(၈) စာရွက်တွေ ဖြစ်ပါတယ်။ ပုံစံ (၄)ကတော့ ရွေးကောက်ပွဲနေ့မှာ ရပ်ကွက်- ကျေးရွာ ကော်မရှင်တွေ အတွက် ကုန်ကျငွေ ဖြစ်ပါတယ်။ ပုံစံ(၈) ကတော့ ရပ်ကွက် ကျေးရွာတွေမှာ ကုန်ကျတာနဲ့ သက်ဆိုင်ပါတယ်။ ဥပမာ ရပ်ကွက် တခုမှာ မဲရုံ (၅) ရုံရှိတယ် ဆိုရင် ပုံစံ(၈) စာရွက်က ၅ ရွက်ပေါ့။ မဲရုံမှူးတွေနဲ့ တခြား သူတွေ အတွက် ကုန်ကျ စရိတ်နဲ့ တခြား ကုန်ကျ စရိတ် တွေကို တင်ရတဲ့ ပုံစံ ဖြစ်ပါတယ်။ အဲဒီ စာရွက်တွေမှာ လက်မှတ် ထိုးပေးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ စာရွက် တွေမှာ ကုန်ကျငွေ ပမာဏ ဘာမှ ရေးမထားပါဘူး။ ကျနော်တို့ကို ရွေးကောက်ပွဲနေ့ အတွက် ကြိုင်တင် ငွေ ဆိုပီး ၁၀၀၀ ကျပ်စီထုတ် ပေး ပါတယ်။ အဲဒီငွေ တစ်ထောင် အပြင် တခြား ဘာငွေကိုမှ ကျွန်တော်တို့ကို ထုတ်ပေးတာ မရှိသေးပါဘူး။”

ထုတ်ပေးငွေ ပမာဏကို စာရွက်တွင် ရေးမထားပဲနဲ့ လက်မှတ် ထိုးခိုင်းခြင်း မှာ ငွေကြေး မသမာမူ လုပ်လို၍ ဖြစ်နိုင်ကြောင်း သူက ခန့်မှန်း ပြောဆို သည်။

အဆိုပါ ကြွေးတင်ငွေများကို ယခုအချိန်ထိ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးခြင်း မရှိသေးသည့် အပြင် အဆိုပါ ငွေများကို ကျေးရွာများမှ ကောက်ခံပြီး ပေးဆပ်ရန် အထက် အာဏာပိုင်များက ညွှန်ကြားလာမည်ကို ရယကများနှင့် စာရေးများမှ အထူး စိုးရိမ် ပူပန်နေကြသည်ဟု သိရသည်။

Most read this week