လေဘေးသင့် ရွှေညိုမနှင့် ချောင်းဖျားကြီးကျေးရွာ ပြိုပျက်မည့် အနေထားဖြင့့် ရင်ဆိုင်နေရ

လေဘေးသင့် ရွှေညိုမနှင့် ချောင်းဖျားကြီးကျေးရွာ ပြိုပျက်မည့် အနေထားဖြင့့် ရင်ဆိုင်နေရ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အဝေးတွင်တည်ရှိသည့် ရွေညိုမ နှင့် ချောင်းဖျား ကျေးရွာ နှစ်ရွာမှာ လေဘေးဒဏ်ကို ခံခဲ့ရ ...

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အဝေးတွင်တည်ရှိသည့် ရွေညိုမ နှင့် ချောင်းဖျား ကျေးရွာ နှစ်ရွာမှာ လေဘေးဒဏ်ကို ခံခဲ့ရပြီးနောက် ယခုအခါ ရွာပြိုပျက်သွားမည့် အနေအထားဖြင့် ရင်ဆိုင်နေရကြောင်း ကျောင်းထိုင်ဆရာတော်က နိရဥ္စရာသို့ မိန့်ကြားသည်။

ဆရာတော်က “ အခု ဒီမှာ ဆည်ထားတဲ့ တာတမံတွေ ကျိုးပေါက်သွားတဲ့ အတွက် စပါး စိုက်ထားတဲ့ လယ်ဧက ၁၇၀၀ စပါး တလုံး တစေ့မှ မရဘဲ ပျက်စီးသွားခဲ့ပါတယ်။ အဲဒီ တာတမံ တုတ်ထားတဲ့ ဆည်ကို ပြန်မဆည်နိုင်ရင် လုပ်ကိုင် စားသောက်စရာ မရှိတဲ့ အတွက် ရွှေညိုမနဲ့ ချောင်းကြီးဖျားကျေးရွာက ပြိုပျက် သွားနိုင်ပါတယ် တကာကြီး” ဟု ပြောသည်။

ယခုကဲ့သို့ မုန်တိုင်းကြောင့် ရွာသားများ မှီခိုအားထားရာ တာတမံ ဆည်ကြီး ပေါက်သွားသဖြင့် ဒီရေကြီးတိုင်း ရေများ လယ်ကွင်းသို့ ၀င်ရောက်နေပြီး အချိန်ကြာလာပါက ပိုပြီး ပျက်စီး သွားနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ ဆည်ပေါက်သွားတဲ့ ကတည်းက မြို့နယ် မယကကို သွားတိုင်ထားပါတယ်။ ဒီနေ့ထိ ဘာမှ အကြောင်းပြန်ကြားတာ မရှိသေးဘူး။ လုပ်ပေးဖို့ နေနေသာသာ သတင်းတောင် ဘာမှ မမေးဘူး။ ကျေးရွာသားတွေကလည်း စားစရာ ဆန်မရှိ နေစရာ အိမ်မရှိ ဖြစ်နေတဲ့ အချိန်မှာ ဒီဆည်ကြီးကို ပြန်လည် ဆည်ဖို့ ရေးကိုလ်ညး မလုပ်နိုင် မကိုင်နိုင် ဖြစ်နေပါတယ်။ ဒါကြောင့် အကူအညီတွေ အများကြီး လိုအပ်နေပါတယ်” ဟု ဆရာတော်က ဆက်မိန့်ကြားသည်။

ယခုလက်ရှိ အခြေအနေတွင် ရွှေညိုမ ကျေးရွာတွင် WFP မှ ထောက်ပံ့ပေးသော ဆန်များကို ရရှိနေပြီး ကျေးရွာသားများမှာ အဆိုပါ ဆန်ကို အဓိက မှီှခို စားသောက်နေကြရသည်ဟု သိရသည်။ ကျန်းမာရေးမှာလည်း အဆိုပါ ကျေးရွာနှင့် ချောင်းဖျားကြီး ကျေးရွာတွင် ပြဿနာ မရှိကြောင်း ဆရာတော်က မိန့်ကြားသည်။

တခြား ကျေးရွာ သား တစ်ဦးကလည်း “ ကျွန်တော်တို့ နေထိုင်တဲ့ ရွှေညိုမရွာနဲ့ အနီးနားတဝိုက်မှာ ချောင်းကြီးဖျား၊ ကွမ်းချောင်း နှင့် မြိုင်ချောင်းရွာဆိုပီး ရွာ ၄ ရွာ ရှိပါတယ်။ အဲဒီ ရွာတွေမှာ ဆည်ကို မှီပီး လုပ်ကိုင် စားသောက်နေတဲ့ အိမ်ခြေပေါင်း ၄၀၀ ၀န်းကျင်ရှိတယ်။ ရွာအားလုံးက ဆည်မြောင်း တခုတည်းမှ ရေကိုမှီပြီး လုပ်ကိုင် စားသောက်နေရတာ ဖြစ်ပါတယ်။ ဆည်က အကြီးအကျယ် ကျိုးပေါက်သွားတဲ့ အတွက် လူတွေ တော်တော် ဒုက္ခရောက်နေကြရပါတယ်။ အစိုးရက မဆည််ရင် ရွာသားတွေ အနေနဲ့ ဒီတာတမံ ဆည်ကြီးကို ဆည်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ စပါး စိုက်ပျိုး ရနိုင်မယ့် အခြေအနေမရှိရင် ဘယ်သူကမှ ဒီရွာတွေမှာ နေကြတော့မှာ မဟုတ်ပါဘူး။ အခုတောင် တချို့ မိသားစုတွေ ပြောင်းရွှေ့ဖို့ စီစဉ် နေကြပါပြီ“ ဟု ပြောသည်။

အဆိုပါ ဆည်တာတမံများမှ အစိုးရ ဆည်မြောင်း ဦးစီးဌာနမှ ဆည်ပေးထားသော ဆည်တာတမံများ ဖြစ်ကြသည်။

ယခု ပြောင်းရွှေ့ရမည့် အနေအထားသို့ ရောက်ရှိနေသော ရွှေညိုမကျေးရွာတွင် အိမ်ခြေပေါင်း ၂၈၃ အိမ်ရှိပြီး လူပေါင်း ၂၃၁၆ ဦးနေထိုင်ကြောင်းနှင့် ချောင်းဖျားကြီးကျေးရွာတွင် အိမ်ခြေပေါင်း ၂၆၀ ကျော်ရှိကြောင်း သိရသည်။

Most read this week