ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်း ၁၂ ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အန်အယ်ဒီ၏ ရှေ့လူမှုရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း လုပ်ဆောင်သွားရန် ဆန္ဒရှိ ...
နယူးဒေလီ (မဇ္စျိမ) ။ ။ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်း ၁၂ ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အန်အယ်ဒီ၏ ရှေ့လူမှုရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ယနေ့ ပြောဆိုသည်။
အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့ကို ရန်ကုန် ပါတီရုံးချုပ်၌ ယနေ့ နံနက် ၁ဝ နာရီခွဲမှစ၍ တနာရီခွဲကြာ တွေ့ဆုံမှုတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေး ရည်ရွယ်ချက်ရှိတဲ့ လူမှုရေးလုပ်ငန်းတွေမှာ သူတို့အနေနဲ့ တတ်နိုင်သလောက် ပါဝင်ပြီးတော့ ကူညီဆောင်ရွက်ပါမယ်လို့ ပြောဆိုကြတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါတယ်။ အခု လတ်တလောဖြစ်နေတဲ့ ကိစ္စတွေကနေစပြီး ဆောင်ရွက်ဖို့ သဘောတူကြပါတယ်” ဟု အန်အယ်ဒီ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
အန်အယ်ဒီက စောင့်ရှောက်နေသည့် တောင်ဒဂုံရှိ HIV/AIDS နှင့် အတူနေသူ ၆၆ ဦးကို သာကေတ ဆေးရုံသို့ တင်ရန်နှင့် မကုသလိုပါက ယခုလ ၂၅ ရက်နေ့ နောက်ဆုံး နေရပ်ပြန်ရန် ဒေသအာဏာပိုင်များက လတ်တလော ပြောထားသည့် ကိစ္စနှင့် ပတ်သက်၍လည်း တတ်နိုင်သမျှ ကူညီမည်ဟု အမတ်လောင်းများက ပြောဆိုခဲ့ကြသည်။
တသီးပုဂ္ဂလ အမတ်လောင်းများမှာ ဒေါက်တာဖုန်းဝင်း၊ ဦးတင်စန်း၊ ဦးမိုးထွန်း၊ ဦးစန်းမြင့်၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးဇော်မင်းသိန်း၊ ဦးလှရှိန်၊ ဦးသိန်းတန်၊ ဦးလှမျိုးမြင့်၊ ဦးရန်ကျော်၊ ဦးဝင်းကိိုကိုဝင်းနဲ့ ဦးဝင်းချို ဖြစ်သည်။
ထို့နောက် ကချင်ပြည်နယ် တနိုင်းမြို့နယ်မှ ဦးနော်နာစံနှင့်အဖွဲ့၊ မိုးညှင်းမြို့နယ်မှာ ဦးသိန်းနှင့်အဖွဲ့၊ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့မှ ချင်းတိုင်းရင်းသား ခေါင်းဆောင်များ၊ နာဂ တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် အန်အယ်ဒီအဖွဲ့ဝင် ၁၂ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သေးသည်။
၎င်းတို့က ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာသည့်အပေါ် ပြည်နယ်သူ၊ ပြည်နယ်သားများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းနှင့် လုံခြံုရေးအတွက် စိုးရိမ်မိကြောင်း ပြောဆိုခဲ့ကြသည်။