DKBA တချို့ KNU နဲ့ပေါင်းဟုဆို

DKBA တချို့ KNU နဲ့ပေါင်းဟုဆို
by -
ကျော်ခ

နယ်ခြားစောင့်တပ် မပြောင်းလိုသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် အင်အားအချို့ ကရင်အမျိုးသား အစည်းအရုံး ...

ချင်းမိုင် (မဇ္ဈိမ) ။    ။ နယ်ခြားစောင့်တပ် မပြောင်းလိုသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် အင်အားအချို့ ကရင်အမျိုးသား အစည်းအရုံးနှင့် မနေ့ မနက်က ပူးပေါင်းလိုက်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။  

ပြန်လည် ဘက်ပြောင်းလာသည့် DKBA တပ်ဗိုလ်မှူးကြီး စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး လက်အောက်ခံ ဝေါလေ အခြေစိုက် တပ်ရင်း ၉ဝ၉ တပ်ရင်းမှူး စောစတီးလ်၊ ဗဟိုလုံခြံုရေး တပ်ခွဲမှူး စောရွှေဝါးနှင့်  တပ်သား ၃၈ ဦး ဗုဒ္ဓဟူးနေ့မနက် ၉ နာရီက သွားရောက် ပူးပေါင်းသည် ဆိုသည်။

“နအဖ စစ်အစိုးရဒဏ်ကို မခံနိုင်လို့၊ နအဖ စစ်အစိုးရက ကျနော်တို့ကို BGF (နယ်ခြားစောင့်တပ်) အလုပ်ခိုင်းတာ မလုပ်ချင်လို့၊ နောက် သူတို့ရွေးထားတဲ့မဲဟာ မရိုးသားတဲ့မဲ မသေချာတဲ့ မဲမှန်း သိသွားတဲ့ အခါကျတော့ ကျနော်တို့ ဒီ KNU ခေါင်းဆောင်ကြီးတွေနဲ့ ပြန်လာပူးပေါင်းရပါတယ်” ဟု တပ်ရင်းမှူး စောစတီးလ်က ပြောသည်။  

အေကေ- ၄၇၊ အမ်-၁၆ သေနတ်များ၊ အာပီဂျီ လောင်ချာများနှင့် ၆ဝမမ စိန်ပြောင်းတို့ပါ ယူဆောင်လာသော DKBA များကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ဗိုလ်မှူးကြီး နယ်ဒါးမြနှင့် နယ်မြေ စစ်ဘက်အရာရှိများက မနေ့က ကြိုဆိုပွဲလုပ်ခဲ့သည် ဆိုသည်။  

“ကျနော်တို့ တအားဝမ်းသာပါတယ်။ အခု ကျနော်တို့ညီအကိုတွေ ပြန်တွေ့ပြီး နောက်ပိုင်းမှာ ရည်မှန်းချက် တူပြီ။ ကျနော်တို့ အတူတူ ဆက်လုပ်မယ်” ဟု ဗိုလ်မှူးကြီး နယ်ဒါးမြက ပြောသည်။  

DKBA တပ်ရင်း ၉ဝ၉  တွင် ပုံမှန်အင်အား မည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကျန်ရစ်သူများ ရှိသေးသည်ဟု KNU သတင်းရပ်ကွက်က ပြောသည်။

နအဖ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ၈ နည်းဗျူဟာ ၃ မှ စစ်ဦးစီး-တတိယတန်း ဗိုလ်ကြီးသက်နိုင််ကို DKBA တပ်ရင်း ၉ဝ၉ က မြဝတီအနီးတွင် နိုဝင်ဘာ ၈ ရက်က  ၅ ရက်ကြာ ဖမ်းထားပြီး ပြန်လွှတ်ပေးခဲ့သည်ဟု DKBA က သတင်းထုတ်ပြန်ခဲ့ဘူးသည်။

ပြန်လည် ဘက်ပြောင်းလာသည့် DKBA တပ်များကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးအနီးတွင် လက်ခံထားကြောင်း KNLA တပ်ရင်းမှူးတဦးက ပြောသည်။

နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝ၁၂၊ ၁ဝ၁၃ နှင့် ၁ဝ၁၄ တို့ကိုလည်း DKBA အဖြစ် ပြန်ကြေညာရန် အဖွဲ့နာယက မြိုင်ကြီးငူဆရာတော်က မကြာခင်က ကြိုးစားခဲ့သော်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တားဆီး၍ အထမမြောက်ခဲ့ရဟု နယ်ခြားစောင့်တပ် အရာရှိတဦးက ပြောသည်။ သြဂုတ်လ ၁၈ ရက်က နယ်ခြားစောင့်တပ် မပြောင်းမီ DKBA တွင် အင်အား ၆ ထောင် အနည်းဆုံးရှိသည်ဟု DKBA ဘက်က ထုတ်ပြန်ဖူးသည်။

ထိုင်း-မြန်မာနယ်စပ် နေရာအချို့ကို KNU လက်မှသိမ်းပြီး ထိန်းချုပ်ထားခဲ့သော DKBA များကို နေပြည်တော်က နယ်ခြားစောင့်တပ် ပြောင်းလဲရန် ဖိအားပေး ခံရစဉ်ကတည်းက DKBA တပ်အချို့ KNU နှင့် ပြန်ပူးပေါင်းလိုကြောင်း ပြသခဲ့ကြသည်။

၁၉၉၅ က မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ် စာချုပ်ချုပ်ခဲ့သော DKBA များ စစ်အစိုးရတပ်များနှင့် ပူးပေါင်းပြီး KNU  ကို ပြန်တိုက်ခဲ့ဖူးသည်။