လွတ်တော်နေရာ ရ၆.၅ ရာခိုင်နှုန်းကို ကြံ့ခိုင်ရေး သိမ်းပိုက်

လွတ်တော်နေရာ ရ၆.၅ ရာခိုင်နှုန်းကို ကြံ့ခိုင်ရေး သိမ်းပိုက်
by -
သျှမ်းသံတော်ဆင့်

စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါ၀င်မည့် အနာဂတ် မြန်မာနိုင်ငံလွှတ်တော်တွင် ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင် ...

စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါ၀င်မည့် အနာဂတ် မြန်မာနိုင်ငံလွှတ်တော်တွင် ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီက နိုဝင်ဘာ ရ ရက် ရွေးကောက်ပွဲ၌ ရ၆.၅ ရာခိုင်နှုန်း အနိုင်ရခဲ့ကြောင်း ကော်မရှင်၏ နောက်ဆုံး ထုတ်ပြန်သည့် ယမန်နေ့ ရွေးကောက်ပွဲရလဒ်အရ သိရသည်။

ပြည်ထောင်စု လွှတ်တော်တွင် ပါ၀င်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် စသည့် လွှတ်တော် ၃ ရပ်တွင် အမတ်နေရာ ၁၁၅၄ နေရာအနက် ၈၈၃ နေရာကို ကြံ့ခိုင်ရေးက အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အခြားသော နိုင်ငံရေး ပါတီများက လွှတ်တော်၏ ၂၄.၄ ရာခိုင်နူန်းမျှသာ ရရှိခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ကြံ့ခိုင်ရေးတို့ ပူးပေါင်း၍ နိုင်ငံတစ်ဝန်း  မဲမသမာမှုများ ပြုလုပ်ခဲ့ကြောင်း ထိုပါတီများက စွပ်စွဲကြသည်။

“ကြိုထွက်ထားတဲ့အတိုင်း ရွေးကောက်ပွဲ ရလဒ်ရဲ့ အနည်းဆုံး ရ၅ ရာခိုင်နူန်းထက်မနဲ ကြံ့ဖွတ် အနိုင်ယူမယ် ဆိုတာ” ဟု ရွေးကောက်ပွဲ ကျင်းပခဲ့သည့် နိုဝင်ဘာ ရ ရက်ကတည်းက စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ကြိုတင်ဟောကိန်းထုတ်ထားသည်။

ယခင် ဦးနေဝင်း ခေါင်းဆောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီမှ အသွင်ပြောင်းထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက အမတ်နေရာ ၆၃ နေရာ ရရှိခဲ့ပြီး ကြံ့ခိုင်ရေး ပြီးလျှင် ဒုတိယ အများဆုံး အနိုင်ရပါတီ ဖြစ်သည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၅၇ နေရာဖြင့် တတိယ အများဆုံးနှင့် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီက အမတ်နေရာ ၃၅ နေရာ စတုတ္ထ အများဆုံး ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်၍ ရွေးကောက်ပွဲ ၀င်သော အမျိုးသားဒီမိုကရေစီ အင်အားစုနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့မှာမူ အမတ်နေရာ ၁၆ နေရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကာလ မဲမသမာမှုများကြောင့် ယခု ထွက်ပေါ်လာသည့် ရလဒ်အပေါ် နိုင်ငံရေးပါတီများ၏ မကျေနပ်မှုများ တိုးပွားလျက်ရှိရာ မဲမသမာမှုများ ကိစ္စအပြင်တွင် ထုတ်မပြောရန် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီများအား သတိပေးစာများ ပေးပို့ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၃၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။