NLD နဲ့ ပေါင်းရခက်ကြီး

NLD နဲ့ ပေါင်းရခက်ကြီး
by -
ကိုဝိုင်း

ရွေးကောက်ပွဲ သပိတ်မှောက်ထားပြီး မှတ်ပုံ ထပ်မတင်သည့် NLD နှင့် ပါတီချင်း ပူးပေါင်း ဆောင်ရွက်ရန် “တည်ဆဲဥပဒေ” များက အတားအဆီး ဖြစ်နေ ...

ချင်းမိုင် (မဇ္စျိမ) ။       ။ ရွေးကောက်ပွဲ သပိတ်မှောက်ထားပြီး မှတ်ပုံ ထပ်မတင်သည့် NLD နှင့် ပါတီချင်း ပူးပေါင်း ဆောင်ရွက်ရန် “တည်ဆဲဥပဒေ” များက အတားအဆီး ဖြစ်နေသည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP က ပြောသည်။

NLD  ရွေးကောက်ပွဲ မသမာမှု အထောက်အထား စုဆောင်းရေး အဖွဲ့ဝင် ၁၉၉ဝ လပွတ္တာအမတ် ဦးကြည်ဝင်းကို မဇ္စျိမ မေးမြန်းစဉ်က သူက အခြား ပါတီများကိုလည်း ကြိုဆိုကြောင်းပြောခဲ့သည်။

“NLD လုပ်တာကို မူအားဖြင့် လေးစားပါတယ်။ လက်တွဲလုပ်ဖို့ကျတော့ တည်ဆဲ ဥပဒေဘောင်ထဲမှာ စဉ်းစားရတယ်။ အဲဒိအတွက် စီအီးစီ ဆုံးဖြတ်ချက် မရှိသေးလို့ ပြောဖို့ စောသေးတယ်” ဟု UDP ဒုဥက္ကဋ္ဌ ဦးဌေးက မဇ္စျိမကို ပြောသည်။

၃ ဦး ဝင်ပြိုင်ခဲ့သော်လည်း တဦးမှမနိုင်သည့် UDP က ရွေးကောက်ပွဲ တရားမျှတမှုမရှိသဖြင့် ရလဒ်ကို အသိအမှတ်မပြုကြောင်း မနေ့က ကြေညာခဲ့သည်။

အခြားရွေးကောက်ပွဲဝင်ပါတီများနှင့် စုစည်းပြီး သဘောထား တရပ်ထုတ်ပြန်နိုင်ရန်ကြိုးစားနေကြောင်းလည်း ဆိုသည်။

မွန်ပြည်နယ်အတွင်း လွှတ်တော် ၃ ရပ်လုံးအတွက် ၃၄ နေရာဝင်ပြိုင်ပြီး ၁၆ နေရာ နိုင်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMRDP ကလည်း NLD  ဆောင်ရွက်ချက် ကို မဆန့်ကျင်ကြောင်း ပြောသည်။

AMRDP ဥက္ကဋ္ဌ နိုင်ငွေသိန်းက “ပူးပေါင်းဆောင်ရွက်ဖို့ကတော့ ကော်မတီထိုင်ပြီးတော့မှ စဉ်းစားမှာပေါ့နော်” ဟု မဇ္စျိမကို ပြောသည်။

ရွေးကောက်ပွဲ မသမာကြောင်း တပါတီချင်းသာ ပြောဆိုထုတ်ပြန်နေကြပြီး ကန့်ကွက်လွှာတင်၍ တရားမစွဲလိုသည်ကလည်း တူညီကြပြန်သည်။

AMRDP မှ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက် ဝင်ပြိုင်သည့် ဥက္ကဋ္ဌနိုင်ငွေသိန်း၊ ဒုဥက္ကဋ္ဌ နိုင်လှအောင်တို့က ၎င်းတို့ မဲဆန္ဒနယ်မှ မဲများကို အများရှေ့တွင် ပြန်ရေတွက်လိုကြောင်း ပြည်နယ်ကော်မရှင်သို့ တင်ပြထားသော်လည်း အရေးမစိုက်ပဲ အနိုင်ရစာရင်းများ ကြေညာသွားသည်ဟု ဆိုသည်။ နှစ်ဦးလုံး ရှုံးခဲ့သည်။

“ကြိုတင်မဲကြောင့် ခံရတယ်ဆိုတာတော့ ပြောချင်တာပေါ့။ ထောက်ပြစရာတော့ ရှိတာပေါ့နော်။ တရားတော့ မစွဲနိုင်ဘူးလေ။ ပိုက်ဆံ ဒီလောက်ကုန်တာ” ဟု နိုင်ငွေသိန်းက ပြောသည်။

UDP ဒုဥက္ကဋ္ဌ ဦးဌေးကမူ “တရားရုံးလဲ စဉ်းစားလို့မရဘူး။ ကော်မရှင်ဆိုတာလဲ သူတို့ကခန့်ထားတာ။ ကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေကို မကျေနပ်လို့တင်တာ ဒီကော်မရှင်ကပဲ ဆုံးဖြတ်မှာ ဆိုတော့ ကျနော်တို့က ဥပဒေအရ မသွားတော့ဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲ၌ ရယကများနှင့် ကြံ့ဖွံ့ပါတီဝင်များ ပူးပေါင်းပြီး ကြိုတင်မဲ၊ ပယ်မဲစသည့် နည်းမျိုးစုံဖြင့် လိမ်လည်ခဲ့ကြောင်း ပါတီများ ပြောဆိုနေကြသည်မှာ “ဥပဒေမဲ့” ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၄ နှင့် ငြိစွန်းနေကြောင်း စစ်အစိုးရက ယနေ့သတိပေးသည်။

ယင်းဥပဒေတွင် ရွေးကောက်ပွဲ ပြစ်မှုများနှင့်စပ်လျဉ်း၍ လိမ်လည်စွပ်စွဲတိုင်တန်းကြောင်း ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်ထက်မပိုသော ပြစ်ဒဏ်ဖြစ်စေ၊ ငွေ ၃ သိန်းထက်မပိုသောပြစ်ဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဟု ဖွင့်ဆိုထားသည်။

ကန့်ကွက်လွှာများကို ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့် နည်းဥပဒေ ၈၇ တို့အရ တင်သွင်း ဆောင်ရွက်ရမည်ဟုလည်း သတင်းစာက ရေးသည်။ ယင်းဥပဒေများအရ တင်ရမည့် အမှုစရိတ် တဦးလျှင် ငွေ ၁ဝ သိန်းမှာလည်း ပြန်ရမည် မဟုတ်သည့်အပြင် ရွေးချယ်ခံအမတ်စာရင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ကြေညာသည့်နေ့မှစ၍ ရက် ၆ဝ အတွင်း တင်သွင်းရမည် ဖြစ်သည်။

NLD ကလည်း မဲမသမာမှုများကို နိုင်ငံတကာသိစေရန်သာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားစွဲမည် မဟုတ်ကြောင်း မနေ့က မဇ္စျိမကို ပြောထားသည်။ ထို့ပြင် တရားဆိုင်နေဆဲ ဖြစ်သောကြောင့် NLD ကို တရားမဝင်ပါတီဟု သတ်မှတ်ပြောဆို၍ မရကြောင်းလည်း ချေပသွားသည်။