တိုင်းရင်းသားများ အကြား ခိုင်မာသော သဘောတူညီမှု တည်ဆောက်နိုင်ရေး အတွက် အစည်းအဝေး တရပ်ကို ခေတ်မီ ဆက်သွယ်ရေး သုံး၍ ပြည်တွင်းပြည်ပ အင်အားစုများ ...
နယူးဒေလီ (မဇ္စျိမ)။ ။ တိုင်းရင်းသားများ အကြား ခိုင်မာသော သဘောတူညီမှု တည်ဆောက်နိုင်ရေး အတွက် အစည်းအဝေး တရပ်ကို ခေတ်မီ ဆက်သွယ်ရေး သုံး၍ ပြည်တွင်းပြည်ပ အင်အားစုများအကြား ပြုလုပ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်ဟု တိုင်းရင်းသားပါတီ ခေါင်းဆောင်များက ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ခေါင်းဆောင် ၅ ဦးနှင့် ၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ခေါင်းဆောင် ရ ဦးက အန်အယ်ဒီ ရုံးချုပ်၌ ယမန်နေ့တွင် ဆွေးနွေးပွဲ ကျင်းပရာ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် ဒုတိယ ပင်လုံ ညီလာခံ ကျင်းပရေး သဘောတူခဲ့ပြီး၊ အနှောင့်အယှက် ကင်းစေရန် ခေတ်မီ ဆက်သွယ်ရေး နည်းပညာ အသုံးပြုလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အစည်းအဝေး ခေါ်တာတောင် ခွင့်ပြုချက်တွေ တောင်းရတယ်ဆိုတော့ အဲဒါမျိုးတွေ မလိုဘဲနဲ့ ခေတ်မီပညာတွေနဲ့ အခု အမေရိကန်မှာရှိတဲ့ သူတွေ၊ သြစတြေးလျမှာရှိတဲ့ သူတွေနဲ့ မြန်မာပြည်မှာရှိတဲ့ သူတွေ တနေရာမှာ ထိုင်ပြီးတော့၊ ဆက်သွယ်ပြီးတော့ ညီလာခံလုပ်လို့ ရတဲ့ပုံစံမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုး ပြောတယ်” ဟု ဇိုမီးအမျိုးသား ကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က မဇ္စျိမကို ပြောသည်။
သမားရိုးကျ အခမ်းအနားဖြင့် စုဝေးကျင်းပလျှင် စစ်အစိုးရက တားမြစ်မည့်အရေးကို ကျော်လွှားရန်နှင့် အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန်အတွက် ဆက်သွယ်ရေးစနစ်သုံး စည်းဝေးလိုနေကြခြင်း ဖြစ်သည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ဥက္ကဋ္ဌ ဦးသာဘန်းက “ မီဒီယာလောကရဲ့ တိုးတက်လာတဲ့ အနေအထားအရ ခင်ဗျားတို့ လုပ်နေကြတဲ့ တိုက်ရိုက်လွှင့်နေတဲ့ ပုံစံမျိုးပေါ့။ ” ဟု ပြောဆိုသည်။
မည်သည့် ဆက်သွယ်ရေး နည်းလမ်းကို အသုံးပြုမည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း လူမှုဆက်သွယ်ရေး ကွန်ယက် twitter ကို အသုံးပြုလိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အချုပ်မှ မလွတ်မီ သူမ၏ ရှေ့နေမှတဆင့် ပြောကြားဖူးသည်။
သို့သော်လည်း ထောင်တွင်းအကျဉ်းချခံခဲ့ရသော နိုင်ငံရေး ခေါင်းဆောင်အများစုမှာ အင်တာနက်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။
“ကွန်ပြူတာဆိုကလည်း သူတို့တတွေ ထောင်ထဲရောက်နေကြတဲ့ အချိန်မှာ ပေါ်တာဆိုတော့ အင်တာနက်တို့၊ အီးမေးတို့ ဖေ့စ်ဘွတ်တို့၊ တွစ်တာတို့ဆိုတာတွေကို သူတို့အနေနဲ့ မသိဘူူး။ အဲဒီကိစ္စတွေကတော့ အများဆုံး ဆုံးဖြတ်မှာက ဒေါ်စုဖြစ်မယ် ထင်ပါတယ်” ဟု အန်အယ်ဒီ သတင်းရပ်ကွက်တခုက ပြောသည်။
ယမန်နေ့ အစည်းအဝေးသို့ အန်အယ်ဒီမှ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်းနှင့် ဦးလှဖေ၊ ဇိုမီးအမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်၊ ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD မှ ဦးထောင်ကိုထန်း၊ မွန်အမျိုးသား ဒီမိုကရေစီတပ်ဦးမှ နိုင်ငွေသိမ်း၊ နိုင်ထွန်းသိမ်း၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ဦးရွှေကြိုး၊ ဦးစိုင်းတင်လှိုင်နှင့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ALD မှ ဦးသာဘန်းတို့က ယနေ့ နေ့လည် ၁ နာရီမှစ၍ မိနစ် ၃ဝ ကြာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လ ၂၄ ရက်နေ့တွင် ZNC ထူထောင်သည့် ၂၂ နှစ်မြောက် အခမ်းအနားကို စစ်ကိုင်းတိုင်း ကလေးမြို့၌ ကျင်းပရာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး “ကလေးမြို့ ကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့သည်။
အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်၊ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ မွန်အမျိုးသားခေါင်းဆောင် နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်းနှင့် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်၊ ဦးအုန်းမောင်၊ ဦးညွန့်သိန်းနှင့် ကျောင်းသားလူငယ် ခေါင်းဆောင်များ အပါအဝင် လူဦးရေ ၅ဝ ကျော်က သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
ပြည်မနှင့်တောင်တန်းဒေသများ ပူးပေါင်းပါမည်ဆိုသော သဘောတူညီချက်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့တွင် စည်းဝေးခဲ့ကြရာက ပင်လုံညီလာခံဟု ခေါ်တွင်ခဲ့သည်။ သို့သော်လည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအပြီး သဘောတူညီမှုပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်လာခဲ့သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အပစ်ခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးရပြီဟု ပြောလေ့ရှိသော်လည်း တိုင်းရင်းသား အဖွဲ့များက နိုင်ငံရေး သဘောတူညီချက် မပါကြောင်း ငြင်းဆိုထားကြသည်။
ခန့်မှန်းခြေ စုစုပေါင်း ၄ သောင်းဝန်းကျင်ရှိ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အင်အားကို ကာကွယ်ရေး ဦးစီးချုပ်အောက် သွတ်သွင်းမည့် နယ်ခြားစောင့်တပ်အဖြစ် မပြောင်းလဲသေးနိုင်သလို၊ အပစ်ခတ်မရပ်ဘဲ ဆက်လက်တိုက်နေသော တိုင်းရင်းသားအဖွဲ့များလည်း ရှိနေသေးသည်။