ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ရတပမှ ကြိုဆို

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ရတပမှ ကြိုဆို
by -
မောင်အေး

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွှတ်မြောက်လာမှုကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကြိုဆို ...

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွှတ်မြောက်လာမှုကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကြိုဆိုကြောင်း ပါတီ ဥက္ကဌ ဦးအေးမောင်က ပြောသည်။

“အခုလို လွတ်လာတာကို ကြိုဆိုပါတယ်။ ကြိုလည်း ကြိုဆိုရမဲ့ ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာက ပြည်သူတွေအတွက် အများကြီး အကျိုးရှိတဲ့အတွက် ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ပြောသည်။

၎င်းအပြင် သူက ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ မြန်မာ့နိုင်ငံတွင် ဖြစ်ပျက်နေသည့် နိုင်ငံရေး အခြေအနေများကို သုံးသပ်ကာ ဗိုလ်ချုပ် အောင်ဆန်း ချမှတ်ခဲ့သည့် တိုင်းရင်းသားများ တန်းတူရေး အခွင့်အရေး ရရှိရေးကို ဆောင်ရွက်ပေးနိုင်မည်ဟု သူ့အနေနှင့် ယုံကြည်ကြောင်း ဆက်ပြောသည်။

“ဟိုတနေ့က အင်တာဗျုး တခုမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာကို ကြားရပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို သူမ အနေနဲ့ မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်။ တိုင်းရင်းသားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အများကြီး ယုံကြည်မှု ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ် အောင်ဆန်းတို့ ဦးဆောင် ချမှတ်ခဲ့တဲ့ တန်းတူရေးနဲ့ ပတ်သတ်လို့ လုပ်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြောသည်။

အနာဂတ် ပြည်ထောင်စုကြီးတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် တန်းတူအခွင့်အရေး ရရှိအောင် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ အရေး လူပ်ရှားသူများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် လက်ရှိ အစိုးရကြားတွင် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်အောင် ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်လိမ့်မည်ဟု သူ့အနေနှင့် မျော်လင့်ကြောင့် ထပ်ပြီး ပြောဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အနေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား လက်တွဲပြီး မြန်မာ့နိုင်ငံရေးတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အစီအစဉ်များ ရှိပါသလားဟု မေးမြန်းရာ နှစ်ဦးနှစ်ဘက် အနေဖြင့် အခြေအနေ အရပ်ရပ်ကို ဆွေးနွေးသုံးသပ်ရန် လိုအပ်သေးကြောင်း ပြောကြားသည်။

၎င်းပြင် ဒေါက်တာ အေးမောင်က “ဘာဘဲဖြစ်ဖြစ် တိုင်းရင်းသားတွေက တန်းတူရေးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်ကို လိုလားနေကြတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်မက ဗမာလူမျိုးတွေကို ဦးဆောင်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လက်ရှိ အာဏာရ အစိုးရနဲ့ သုံးပွင့်ဆိုင် အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီး လုပ်နိုင်တဲ့ တစ်နေ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့၊ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ပေါ်လာပြီး ဖွံ့ဖြိုးတိုးတက်မှု လမ်းစကို ရလာနိုင်ပါတယ်။ တိုင်းပြည်အတွက် ငြိမ်းချမ်းရေးက ပိုပြီး အရေးကြီးတယ်။ ငြိမ်းချမ်းရေး ရရှိဖို့အတွက် တိုင်းရင်းသားများအတွက် တန်းတူရေး လိုအပ်ပါတယ်” ဟု ပြောသည်။

Most read this week