အာဏာရ စစ်အုပ်စု ချုပ်နှောင်ခြင်းမှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသား ခေါင်းဆောင်များ မျှော်လင့်ထားသည့်အတိုင်း လွတ်လပ်စွာ နိုင်ငံရေး မလှုပ်ရှားနိုင်မည်ကို စိုးရိမ် ...
အာဏာရ စစ်အုပ်စု ချုပ်နှောင်ခြင်းမှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသား ခေါင်းဆောင်များ မျှော်လင့်ထားသည့်အတိုင်း လွတ်လပ်စွာ နိုင်ငံရေး မလှုပ်ရှားနိုင်မည်ကို စိုးရိမ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ယွတ်စစ်က ပြောကြားလိုက်ပါသည်။
“အခု ကျင်းပပြီးတဲ့ ရွေးကောက်ပွဲက ဟန်ပြ ရွေးကောက်ပွဲပဲ။ လက်နှစ်ဘက် သွေးစွန်းနေတဲ့ အစိုးရဘဲ။ သူတို့က အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတာလဲ ဒေါ်စု ဘာမှ မလုပ်နိုင်အောင် လိုက်လံဆီးကာ နေဦးမှာဘဲ။ ပင်လုံသဘောတူညီချက်အတိုင်း ပြန်မသွားသရွေ့ ယမ်းငွေ့ ဝေဦးမှာဘဲ”
ပင်လုံစာချုပ်ကို ကျောခိုင်းသောကြောင့် တိုင်းပြည် အခြေအနေ ယခုကဲ့သို့ ရောက်ရကြောင်း၊ ရှေ့ဆက် မေ့ချင်သယောင် ဥပက္ခာ ပြုမည်ဆိုပါက တိုင်းပြည် ပြဿနာ ဘယ်တော့မှ အဆုံးသတ်နိုင်မည် မဟုတ်ကြောင်း၊ တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ပင်လုံကတိ ပြန်ဖေါ်နိုင်မည့် သူမှာ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်ကြောင်း ယခုနှစ် သျှမ်းပြည်တော်လှန်ရေးနေ့ သတင်းစာရှင်းလင်းပွဲတွင်လည်း သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က အကျယ်တ၀င့် ပြောကြားခဲ့ဖူးသည်။
နိုဝင်ဘာ ၁၃ ရက် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက်တရက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ် ဖြစ်ပွားမည်ကို မလိုလားကြောင်း၊ ၂၁ ရာစုနှင့် ကိုက်ညီသည့် ပင်လုံစိတ်ဓာတ် ထူထောင်ဖို့ ပင်လုံညီလာခံ တခု လိုအပ်ကြောင်း ပြောဆိုသွားသည်ဟု သိရပါသည်။
ထို့အတူ သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မရှင် ဥက္ကဌ စ၀်ခင်းဆာယီကလည်း ပင်လုံစိတ်ဓါတ် ရှင်သန်ရေးကို ဗိုလ်ချုပ်အောင်ဆန်းက အစပြုသူ ဖြစ်ပြီး ဖခင်၏ ပင်လုံသမိုင်းကြွေး ပြန်လည်ပေးဆပ်ရန် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သာ အခရာ ကျကြောင်း၊ ဗမာခေါင်းများအနက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုသာ တိုင်းရင်းသား အများစု ယုံကြည်အားထားသောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။