နအဖတပ်သား နှစ်ဦး ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေး လွှတ်မြောက်

နအဖတပ်သား နှစ်ဦး ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေး လွှတ်မြောက်
by -
ထွန်းထွန်း

ကျောက်ဖြူမြို့နယ် ကျွန်းသာယာတွင် အခြေစိုက်ထားသည် အမြောက်တပ်ရင်း ၂၇၀ မှ တပ်သား ၂ ဦးသည် ယခုလ ၁၂ ရက်နေ့က ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေးလွှတ်မြောက်လာခဲ့ ...

ကျောက်ဖြူမြို့နယ် ကျွန်းသာယာတွင် အခြေစိုက်ထားသည် အမြောက်တပ်ရင်း ၂၇၀ မှ တပ်သား ၂ ဦးသည် ယခုလ ၁၂ ရက်နေ့က ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေးလွှတ်မြောက်လာခဲ့သည်။

ထွက်ပြေးလာသူ ၂ ဦးမှာ တပ်ကြပ် အဆင့်ရှိ ကိုကျော်စိုးလင်း ကိုယ်ပိုင်အမှတ် (တ-၃၄၆၇၈၉)နှင့် ကိုခင်မောင်ထွန်း (ကိုယ်ပိုင်အမှတ် တ-၄၉၅၆၄၇) တို့ ဖြစ်ကြသည်။

ကိုကျော်စိုးလင်းမှာ ရသေ့တောင်မြို့နယ် ကျွန်းကြီးရွာဇာတိ ဖြစ်ပြီး ကိုခင်မောင်ထွန်းမှာ ဘူးသီးတောင်မြို့နယ် ပြင်ရှည် ကျေးရွာဇာတိ ဖြစ်သည်။

သူတို့ နှစ်ဦးမှာ အလုပ်ကြမ်း စေခိုင်းခံရမူ အပါအ၀င် အထက်အရာရှိများ၏ ညှင်းပန်းနှိပ်စက်မှုကို မခံနိုင်သဖြင့် ထွက်ပြေးလာခြင်း ဖြစ်သည်ဟု သူတို့က ပြောသည်။

“တပ်ထဲမှာ အလုပ်တွေ မနားမနေ လုပ်ရပါတယ်။ ကတုတ်ကျင်းတွေ တူးရတယ်။ စခန်း အနီးအနားကို ရှင်းလင်းရတယ်။ အိမ်သာ တွင်းတွေ တူးရတယ်။ မြက်ပင်တွေကို ပေါက်တူးနဲ့ ခုတ်ထွင် ရှင်းလင်းရတယ်။ ပြီးရင် ကျွန်တော်တို့ တပ်ရင်းမှာ ရှိတဲ့ ဗိုလ်ကြီး အောင်နိုင်က တခြားနည်းမျိုးစုံနဲ့ အနိုင်ကျင့် နှိပ်စက်တာတွေ ရှိတယ်။ ရခိုင်တွေဆို ပိုအနိုင်ခံတယ်။ အဲဒါကြောင့် သည်းမခံနိုင်လို့ ထွက်ပြေးလာကြတာပါ” ဟု ပြောသည်။

၎င်းအပြင် အမြောက်တပ်ရင်း ၂၇၀ မှ အရာရှိများသည် အဆိုပါ ဒေသအတွင်း မိရိုးဖလာ လုပ်ကိုင်စားသောက်နေကြသည့် ငါးဖမ်းသမားများထံမှ ငွေကြေးများ အတင်းကောက်ခံကာ ကိုယ်ကျိုးအတွက် အသုံးပြုနေကြသည်ဟု သူတို့က ပြောသည်။

“တပ်ထဲမှာ ပြဿနာ တခု ထပ်တိုးလာတာက ကျွန်တော်တို့ အောက်ခြေ တပ်သားတွေကို ငါးဖမ်း လှေတွေ မော်တော် ဘုတ်တွေဆီမှ အရာရှိတွေက အတင်း ငွေကောက်ခိုင်းတယ်။ ဘုတ်တစီး ကျွန်းက ထွက်မယ်ဆိုရင် ၁၀၀၀၀ ကျပ် ကောက်တယ်။ လှေတစီးဆိုရင် ၅၀၀၀ ကျပ် ကောက်ရတယ်။ ငွေ အတင်းကောက်ခံရတဲ့ သူတွေက ရခိုင်လူမျိုးတွေ ဖြစ်တယ်။ ရလာတဲ့ ငွေတွေကို ယူနေတာက ဗမာ စစ်ဗိုလ်တွေ ဖြစ်တယ်။ အကောက်ရတဲ့ ငွေတွေကို တလတလ သိန်းချီပြီး သူ့တို့ မိသားစုတွေဆီ ပို့နေကြတယ်။ အဲသလို ဖြစ်လာတော့ သိပ်မခံချင်တာနဲ့ ကျွန်တော်တို့ ရခိုင် စစ်သား သုံးဦး ထွက်ပြေးလာကြပါတယ်။ တပ်ထဲမှာ ရခိုင်စစ်သားတွေ ရှိနေပေမယ့် အားလုံးကို တိုင်ပင်ရင် ပြဿနာ တက်နိုင်တာကြောင့် ကျွန်တော်တို့ သုံးဦးဘဲ ထွက်ပြေးလာခဲ့ကြပါတယ်။”

သူတို့ နှစ်ဦးနှင့် ထွက်ပြေးလာသူ နောက်တစ်ဦးမှာ သံတွဲမြို့နယ် ခမောင်းတုန်းကျေးရွာ အဖ ဦးတင်ဖေသား ကိုမောင်တင်ထွန်း ကိုယ် ပိုင်အမှတ် (တ-၃၈၃၂၅၆) ဖြစ်ပြီး သူ့အား အာဏာပိုင်များက ပြန်လည်ဖမ်းဆီးမိသွားခဲ့ကြောင်း သူတို့က ပြောသည်။

သူတို့ သုံးဦးသည် ဇွန်လ ၅ ရက်နေ့ကတည်းက တပ်မှ ထွက်ပြေးလာခဲ့ပြီး ၅ လခန့် ပြည်တွင်းတွင် ပုန်းအောင်းနေခဲ့ရသည်ဟု သိရသည်။ ယခု ရောက်ရှိလာသော စစ်သား နှစ်ဦးမှာ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်တွင် ၀င်ရောက်ရန်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Most read this week